ဘူးပင်မှရရှိသော ဘူးသီးဘူးရွက်များသည် မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာ စားသုံးသော သီးနှံများထဲမှ တစ်မျိုးအပါအဝင်ဖြစ်သည်။ ဘူးသီးသည် အရှေ့တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးကြသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံး အသီးသီးနိုင်သော ဟင်းသီးဟင်းရွက်ဖြစ်သည်။ ဘူးပင်သည် ပူနွေးစိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကိုလည်း အသင့်အတင့်ခံနိုင်ရည်ရှိ၍ အပူပိုင်းဒေသများတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်း အောင်မြင်ကြောင်း သိရှိရသည်။ ဘူးပင်ကို အထက်မြန်မာပြည်တွင် မေလနှင့်ဇွန်လ မိုးတွင်းပိုင်းတွင် စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင် ဆောင်းတွင်းပိုင်း အောက်တိုဘာလတွင် အများဆုံး စိုက်ပျိုးပါသည်။ အထက်မြန်မာပြည်တွင် ဘူးပင်ကို မိုးတွင်းပိုင်းစိုက်ပျိုးသဖြင့် မိုးရွာသွန်းမှုတစ်ပတ်ခန့် ပျက်သွားပါက ရေလောင်းပေးရန်လိုအပ်ပါသည်။ အောက်မြန်မာပြည်တွင် ဆောင်းစိုက်ခင်းများအတွက် (၃)ရက်ခြားတစ်ကြိမ် ရေတင်ပေးရန်လိုအပ်ပါသည်။ ဘူးပင်သည် မိုးရေကို အဓိကထား၍ စိုက်ပျိုးကြသော်လည်း ရေအရင်းအမြစ်သာ အဆင်ပြေပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့် အပင်ဖြစ်သည်။ စိုက်ပျိုးရာတွင် စင်တင်စိုက်ပျိုးခြင်းနှင့် မြေပြင်ကျင်းဖွဲ့ စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးရှိသည်။ စင်တင်စိုက်ပျိုးပါက စိုက်ဘောင်ပြုလုပ်ရာတွင် အလျား(၅ပေ)၊ အနံ(၃ပေ)၊ အမြင့် (၁ပေ) ခန့်ဘောင်ပြုလုပ်ပြီး ဘူးစေ့များကို တစ်ကျင်းနှင့်တစ်ကျင်း (၁)ပေခွဲခြား၍ တစ်ကျင်းလျှင် ဘူးစေ့(၅)စေ့ခန့် ထည့်ပြီးစိုက်ရသည် အပင်ပေါက်လာလျှင်(၂)ပင်ခန့်သာ ထားရှိရပါ သည်။ ကျင်းဖွဲ့ စိုက်ပျိုးပါက အနက်(၁.၅ပေ)၊ အနံ(၂ပေ)၊ အလျား(၃ပေ)ရှိ ကျင်းများတူး၍ နွားချေး နှင့်မြေဆွေး ဆတူရော၍ (၃/၄)လက်မအလိုခန့်ထည့်ပြီးလျှင် အပေါ်မှရိုးရိုးမြေဖို့ရပါသည်။ တစ်ကျင်း လျှင် (၅)ပင်ခန့်စိုက်ရသည်။ အပင်ငယ်များတစ်ထွာခန့် မြင့်လာသောအခါ တစ်ကျင်းလျှင် (၂)ပင်ခန့် ချန်ပြီး ကျန်အပင်များကို နုတ်ပစ်ရပါသည်။ အပင်လေးများ လသားအထိ အပင်ခြေရင်းပေါင်း သင်ပေးရသည်။ အစိမ်းရောင်(ပြောင်)ဘူးသီးနှင့် အစိမ်းရင့်(အဖြူကြား)နှစ်မျိုးကို အများဆုံး စိုက်ပျိုးပြီး ဘူးသီးပုံသဏ္ဍန်မှာ အမျိုးမျိုးရှိသည်။ ဘူးသပိတ်၊ ဘူးလယ်လှ၊ ဘူးစက၊ ဘူးရှည်၊ ဘူးရေမှုတ်ဟူ၍ အမျိုးမျိုး ရှိပြီး ဘူးလယ်လှမျိုးသည် လည်ပင်းရှည်၍ လှခြင်းကြောင့် ဤဘူးမျိုးကို ရင့်မာသည့်တိုင်အောင်ထားရှိပြီး အထဲမှ အစေ့များထုတ်၍ ပြန်လည်စိုက်ပျိုးကြသည်။
ဘူးပင်ကို စိုက်ပျိုးရာတွင် မြေအမျိုးအစားမှာ သဘာဝမြေဆွေးများရှိပြီး ရေသွင်းရေထုတ် ကောင်းမွန်စွာ ပြုလုပ်ပေးနိုင်သော နုန်းမြေအမျိုးအစားဖြစ်သည့် ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးပါက ပိုမိုအထွက်ကောင်း၍ အရည်အသွေးပြည့်မီသော အသီးများ ထုတ်လုပ်ပေးနိုင်သည်။ မြေအချဉ် အငံဓါတ်(၆)နှင့်(၇)ကြားတွင် ပိုမိုဖြစ်ထွန်းပါသည်။ တော်သလင်းလသည် ဘူးစိုက်ပျိုးရာတွင် အကောင်းဆုံးလဖြစ်သည်။ မိုးကုန်ခါနီးဖြစ်၍ ဘူးစိုက်ပျိုးလျှင် သီတင်းကျွတ်လတွင် ဘူးညွှန့်များခူးရပြီး တန်ဆောင်းမုန်းလတွင် ဘူးသီးများ စတင်ဆွတ်ခူးရသည်။ နေအပူဓါတ်ပြင်းလေ ဘူးသီးများများ သီးလေဖြစ်သည်။ မိုးရာသီတွင် ဘူးစိုက်ပျိုးနိုင်ပါက ရေမဝပ်သော ကုန်းမြင့်ပိုင်းတွင် စိုက်ပျိုးလျှင် ပို၍ ကောင်းသည်။ ဘူးပင်စိုက်ပျိုးပြီးလျှင် အပင်ခြေကို မြေဆွပေးရသည်။ ဘူးပင်၏ သဘာဝအမြစ်တို့သည် မြေရှပ်ပြီး သွားတတ်သော အပင်မျိုးဖြစ်၍ ရေသွင်းပြီးတိုင်း မြေဆွပေးရသည်။ ဘူးမြစ်များ အသွားလွယ်ကူစေရန်အတွက် သဲနုန်းမြေနှင့် သစ်ရွက်မြေဆွေးများ ရောစပ်၍ စိုက်ပျိုးလျှင် ပိုမို ကောင်းမွန်ကြောင်း လေ့လာသိရှိရသည်။ ဘူးမြစ်များသွားလာရာ လွယ်ကူစေရန် အတွက် ဘူးပင်ကို တစ်တောင်အမြင့်ခန့် မြေဘောင်တင်ပြီး ဘောင်ခတ်၍ စိုက်ပျိုးလျှင် ရေသွင်းရာ၌ ဘောင်အခြေတွင် မြောင်းဖော်ပြီး ရေပေးသွင်းပါက ဘူးပင်ကိုရေမထိဘဲ ဘောင်အခြေတွင် ရေစိမ့်နေခြင်းကြောင့် အမြစ်များသွားလာရာ လွယ်ကူ၍ ဘူးပင်များ ပိုမိုကောင်းမွန်ပါသည်။ အပင်ကြီးထွားစေရန်နှင့် အသီးများတင်စေရန်အတွက် သွင်းအားစုအမျိုးမျိုးလည်း သုံးစွဲနိုင်ပါသည်။ အရွက်နှင့်အပင်ကို ကြီးထွားစေရန် အားပေးသော အာမိုမြေဩဇာကိုလည်း ကျွေးနိုင်သည်။ အသီးသီးချိန်ရောက်သောအခါ ဘူးပွင့်အဖိုများလာသောအချိန် အသီးကိုအားပေးသော ဓါတ်မြေဩဇာကိုလည်း ကျွေးနိုင်သည်။ ဓါတ်မြေဩဇာကို အရည်မဖျော်ဘဲ အခြောက်အနည်းငယ် ပက်ဖျန်းပေးပြီး ရေလောင်းပေးလျှင် ဘူးပင်ရှင်သန်ကြီးထွားနိုင်ကြောင်း သိရှိရသည်။
ဘူးပင်စိုက်ပျိုးရာတွင် ရေများများလောင်းနိုင်မှ အပင်ကြီးထွားပြီး အသီးများများ တင်နိုင်သော်လည်း ရေသွင်းရာတွင် အပင်ခြေမှာရေဝပ်ပြီးရှိလျှင် ဘူးမြစ်များ မြေကြပ်၍ လွတ်လပ်စွာ မသွားနိုင်ဘဲ အမြစ်ကိုလေမတိုးခြင်းကြောင့် အမြစ်များရိပြီး အပင်သေသွားနိုင်ပါသည်။ ရေဝပ်မြေတွင် မစိုက်ပျိုးသင့်ပါ ဘူးပင်စိုက်ပျိုးပြီးတစ်လခန့်အကြာတွင် ဘူးညွှန့်များခူးရပါသည်။ ဘူးညွှန့် ခေါင်ညွှန့်ကို ချိုးနှိမ်ပေးမှသာလျှင် ဘူးညွှန့်များများ ထွက်လာပြီး အသီးများတင်နိုင်မည်ဖြစ်ပါသည်။ ဘူးခေါင်ညွှန့် ကိုဖြတ်လိုက်ခြင်းကြောင့် အပင်ကြားမှ အရွက်များထွက်ပေါ်လာပြီး အတက်များမှ အသီးများလည်း တင်လာမည်ဖြစ်ပါသည်။ ကိုင်းကျွန်းမြေများတွင် ဘူးပင်တစ်ပင်လျှင် ဘူးသီးအလုံး (၃၀)ခန့်သီးကြောင်း လေ့လာသိရှိရသည်။ ဘူးသီးမှာ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသများ၌ ပြန်လည်ရောင်းချရာတွင် ဈေးနှုန်းမမြင့်မားသော်လည်း သင့်တင့်မျှတသော ဈေးနှုန်းရရှိပါသည်။ ဘူးသီးအလုံးကြီး(၅၀၀)ကျပ်၊ အလတ်(၃၀၀)ကျပ်၊ အသေး(၂၀၀/၁၅၀)ကျပ် ဖောက်သည်ဈေးနှုန်းဖြင့် ဈေးသည်များကို ပေးသွင်းရသည်။ ဘူးညွှန့်များကိုလည်း(၁၀)ညွှန့်လျှင် (၁၀၀)ကျပ်နှုန်းဖြင့် ပေးသွင်းရသည်။ နေ့စဉ်ဘူးညွှန့်များ ခူးပြီးရောင်းချရ၍ မီးဖိုဆောင် အသုံးစရိတ်အဖြစ် နေ့စဉ်ဝင်ငွေရရှိသည့် သီးနှံဖြစ်သည်။နှောင်နှစ်တွင် စိုက်ပျိုးရန် ဘူးမျိုးစေ့ရရှိရန်အတွက် မိမိစိုက်ပျိုးသော စိုက်ခင်းအတွင်းမှ အကောင်းဆုံးအကြီးဆုံး ဘူးသီး(၃)လုံးခန့်ကို အပင်တွင်ရင့်အောင်ထားရှိပြီး မျိုးထားဖို့လိုပါသည်။ ဘူးသီးတစ်လုံးလျှင် မျိုးစေ့(၁၅၀)မှ(၂၀၀)ခန့်အထိရရှိနိုင်ပါသည်။ မျိုးကောင်းမျိုးသန့် ရရှိဖို့အတွက် မိမိဒေသထွက်မျိုးများကို ထားရှိပြီး စနစ်တကျထိန်းသိမ်းထားဖို့ လိုအပ်ပါသည်။ ယခုအချိန်တွင် ဘူးစိုက်ပျိုးသူများအနေဖြင့် ပြည်ပနိုင်ငံများမှ ဝင်လာသော ထိုင်ဝမ်ဘူးမျိုးစေ့များကို ဈေးကြီးကြဖြင့် ဝယ်ယူနေရ၍ မိမိဒေသမျိုးများကိုသာ မျိုးကောင်းမျိုးသန့်ရရှိစေရန် ထိန်းသိမ်းထားရှိရန်နှင့် ထိန်းသိမ်းပုံ အဆင့်ဆင့်ကိုလည်း သိရှိရန် စိုက်ပျိုးရေးဌာနသို့ ဆက်သွယ်၍ အကြံဉာဏ်များ ရယူသင့်ပါသည်။
ဘူးသီးနှင့်ပတ်သက်၍ မြန်မာလူမျိုးတို့သည် ဟင်းလျာအဖြစ်လည်းကောင်း သရေစာအဖြစ်လည်းကောင်း ဘူးသီးကြော်၊ ဘူးသီးချဉ်၊ ဘူးသီးကြက်သားဟင်း၊ ဘူးသီးမြေပဲထောင်းသုတ်၊ ဘူးသီးခေါက်ဆွဲကြော်၊ ဘူးသီးဟင်းခါးအဖြစ် အမျိုးမျိုးပြုလုပ်သုံးစွဲကြသည်။ ဘူးညွှန့်ကိုလည်း ကြော်၍ စားခြင်း၊ ချက်၍စားခြင်း၊ အတို့အမြှုတ်ပြုလုပ်၍စားခြင်းအပြင် ဆောင်းရာသီတွင် နှင်းဓါတ်ဖြင့်သီးသော ဘူးသီးများကိုလည်း ဘူးသီးချောင်းကြော်အဖြစ် ပြုလုပ်၍ လူတိုင်း ကြိုက်နှစ်သက်စွာ စားသုံးကြပါသည်။ ဘူးသီးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် ရရှိသော ကောင်းကျိုးများမှာ ဘူးသီးမှရရှိသော သတ္တုရည်သည် အမြဲတမ်းသုံးစွဲပါက ကျန်းမာရေး အထောက်အကူ ဖြစ်စေပါသည်။ အစာကြေခြင်း၊ ဝမ်းမှန်ခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပြီး ခန္ဓာကိုယ်သွေးအတွင်းရှိ သကြားဓါတ်ကို ထိန်းညှိပေး၍ ဆီးချိုသွေးချို ရောဂါဖြစ်သူများအတွက် ပိုမိုစားသုံးပေးသင့်ပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အိပ်မပျော်သောရောဂါကို ကုသရန်အတွက် အသုံးပြုနိုင်ပါသည်။ ဘူးရွက်မှာလည်း အမျှင်ဓါတ်များစွာပါရှိ၍ အစာအိမ်အူလမ်းကြောင်းကို သန့်စင်ပေး၍ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော ကြောင့် နေ့စဉ်စားသုံးပေးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။
ဘူးပင်စိုက်ပျိုးခြင်းဖြင့် ထွက်ရှိသော ဘူးသီးဘူးရွက်များကို စားသုံးသူများအနေဖြင့် ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူစားသုံးရပြီး စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်လည်း ရင်းနှီးစိုက်ထုတ်ငွေ နည်းပါးပြီး မိသားစုအတွက် မီးဖိုချောင်သုံး နေ့စဉ်ဝင်ငွေရရှိ၍ ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေပြီး စိုက်ပျိုး၍ လွယ်ကူသော ဘူးပင်ကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးနိုင်သကဲ့သို့ မိမိတို့အိမ်ခြံမြေများတွင်လည်း အိမ်တိုင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိစေရန်နှင့် ကျန်းမာရေးအတွက် ကောင်းကျိုးပြုသည့် ဘူးပင်ကို စိုက်ပျိုးသွားရန် အကြံပြု ရေးသားတင်ပြအပ်ပါသည်။
DOCA(မကွေး)