အန်ကောဝပ်သည် ပထမ ၄ လအတွင်း နိုင်ငံခြား ခရီးသွား ၄၇၄,၀၀၀ ကျော်လာရောက်ခဲ့

Powered by Drupal

          ယခုနှစ် ပထမလေးလအတွင်း အန်ကောရှေးဟောင်း သုတေသန ဥယျာဉ်သို့ နိုင်ငံခြားခရီးသွား ၄၇၄,၈၁၀ ခန့် လာရောက်လည်ပတ်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၂.၆၈ ရာခိုင်နှုန်း တိုးလာကြောင်း Angkor Entrance Pass Sales ကြီးကြပ်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဝင်ခွင့်လက်မှတ်ရောင်းချမှုမှ ဝင်ငွေ ကန်ဒေါ်လာ ၂၂.၂ သန်းရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၁.၅ ရာခိုင်နှုန်းတိုးလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဧပြီလတစ်လအတွင်း အန်ကောဝပ်သည် နိုင်ငံခြားခရီးသွား ၇၆,၂၇၉ ဦးကို လက်ခံရရှိခဲ့ပြီး ဝင်ငွေဒေါ်လာ ၃.၄၉ သန်း ရရှိခဲ့သည်။ ကျော်ကြားသော အန်ကောဝပ်ဘုရားကျောင်းတွင် နိုင်ငံခြားခရီးသွားဦးရေ တိုးလာခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ခရီးသွားကဏ္ဍ ပြန်လည်ကောင်းမွန်လာကြောင်း နိုင်ငံခြားရေးဝန်ကြီးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hun Dany က ပြောကြားခဲ့သည်။ “နိုင်ငံခြားသား ခရီးသွားများတိုးပွားလာခြင်းသည် အလားအလာရှိသော ခရီးသွားလုပ်ငန်းကို မြှင့်တင်ရာတွင်အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအကြားပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ကောင်းတစ်ခုပါပဲ” ဟု Dany က ဆိုသည်။ နိုင်ငံတကာ ခရီးသွားများအတွက် ခရီးစဉ်များ အဆင်ပြေချောမွေ့စေရန်အတွက် အစိုးရက အန်ကောဝပ် လက်မှတ်ရောင်းချရေးစနစ်နှင့် လက်မှတ်စစ်ဆေးရေးပြုပြင်ပြောင်းလဲမှုစနစ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင် ဆောင်ရွက်ခဲ့ပြီး ဝင်ခွင့်လက်မှတ်များဝယ်ယူရန် နိုင်ငံခြားခရီးသွားများနှင့် ခရီးသွားအေဂျင်စီ များကို ရွေးချယ်ခွင့်များပေးကာ ရှေးဟောင်းဘုရားကျောင်းများသို့ ခရီးသွားများလွယ်ကူစွာ သွားရောက်လည်ပတ်နိုင်စေခဲ့ကြောင်း Dany က ဆက်လက်ပြောကြားခဲ့သည်။ နိုင်ငံ၏ရေပန်း အစားဆုံး ခရီးသွားနေရာသည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံတကာခရီးသွားများ စုစုပေါင်း ၁.၀၂ သန်း လာရောက်ခဲ့ပြီး လက်မှတ်ရောင်းချမှုမှ စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၄၇.၈ သန်း ရရှိခဲ့ကြောင်း နိုင်ငံပိုင် Angkor Enterprise မှ ထုတ်ပြန်ထားသည်။

Source: Khmer Times

DOCA(ရန်ကုန်)