၂၀၂၅ ခုနှစ်တွင် Tra ငါးတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရရှိရန် မျှော်မှန်းရသည့် ဗီယက်နမ်

Powered by Drupal

             ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် Tra ငါးတင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးရရှိခဲ့မှုနှင့်အတူ ၂၀၂၅ ခုနှစ်တွင်လည်း ထိုအားကောင်းသည့် အဟုန်ကိုဆက်လက် ထိန်းထားနိုင်ရန်မျှော်မှန်းရကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများ အသင်း (VASEP) ကခန့်မှန်းခဲ့ပါသည်။ ထိုကြီးထွားမှုသည် ကိုဗစ်ကာလနောက်ပိုင်း ကမ္ဘာလုံး ဆိုင်ရာစီးပွားရေးနာလံထူလာမှုနှင့် Tra ငါးအတွက် နိုင်ငံတကာဝယ်လိုအားမြင့်တက်လာမှု တို့ကြောင့် ဖြစ်ကြောင်း သိရပါသည်။ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များ ကလည်း ထိုင်း၊ မက္ကစီကိုနှင့် ဘရာဇီးတို့ပါဝင်သည့် အဓိကဈေးကွက်များသို့ ဝင်ရောက်ရန် လွယ်ကူချောမွေ့စေခဲ့ ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၅၈၁ သန်း တန်ဖိုးတင်ပို့ခြင်းနှင့်အတူ တရုတ်နိုင်ငံသည် ဗီယက်နမ် Tra ငါးအတွက် အားကောင်းသော ဈေးကွက်အဖြစ်ရပ်တည်နေ ကြောင်း သိရပါသည်။ VASEP ၏အဆိုအရ တရုတ် စားသုံးသူများသည် အေးခဲထားသော ဗီယက်နမ် Tra ငါးအသားပြားများကို အထူးသဘောကျ လျှက်ရှိပြီး တင်ပို့မှု၏ ၆၀ ရာခိုင်နှုန်းမှာ ထိုငါးအသား ပြားများဖြစ်ကြောင်း သိရပါသည်။ တရုတ်၏စီးပွားရေးလှုံ့ဆော်မှုမူဝါဒနှင့် အိမ်ခြံမြေဈေးကွက်နာလံ ထူလာမှုကြောင့် ၂၀၂၅ ခုနှစ်တွင်လည်း ဝယ်လိုအားဆက်လက်အားကောင်းရန်မျှော်မှန်းရကြောင်း သိရပါသည်။ သို့သော် လောင်စာ၊ ငါးစာ ဈေးနှုန်းတို့ပါဝင်သော ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက် လာမှုနှင့် အမေရိကန်၏အကောက်ခွန် မူဝါဒအစရှိသည့် စိန်ခေါ်မှုများဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ယှဉ်ပြိုင်နိုင်စွမ်းဆက်လက်ရှိစေရန် ဈေးကွက်ဝယ်လိုအားနှင့် ထုတ်လုပ်မှု ချိန်ညှိရန်နှင့် တည်ရှိပြီးသော ကုန်သွယ်ရေးသဘောတူညီချက်များအား ခြေကုပ်ယူရန် VASEP က စီးပွားရေး လုပ်ငန်းများအား အကြံပြုခဲ့ကြောင်း သိရပါသည်။

Reference; Vietnam Plus

DOCA(ရန်ကုန်)