စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဒေါက်တာနေစိုး၏ ဖိတ်ကြားချက်အရ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သည့် အများပြည်သူစားသုံးမည့် အသားစစ်ဆေးခြင်း သင်တန်းတွင် သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။
စာသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးက အမှာစကားပြောကြားရာတွင် စားသုံးသူအခွင့် အရေး ၈ ရပ်တွင် စားသုံးသူသည် ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များ အပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်း စွာ အသုံးပြုခွင့်ရှိခြင်းတို့ ပါဝင်ကြောင်း၊ ထို့အတူ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များတွင် စီးပွား ရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်းနှင့် အရည်အသွေးစမ်းသပ်ရန်လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်း မပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်းတို့ ပါရှိကြောင်း၊ အများပြည်သူ စားသုံးမည့် အသားများသည် ကျန်းမာကြံ့ခိုင်သည့် တိရစ္ဆာန်များ၏ အသားများဖြစ်ရမှာ ဖြစ်သလို ဈေးကွက်အတွင်းနာမည်ကြီးနေသည့် ရေထိုးသားများလည်း မဖြစ်ရန်လိုအပ်ကြောင်း၊ သို့မှသာ စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိမည် ဖြစ်သကဲ့သို့ ဘေးအန္တရာယ် လည်းကင်းရှင်းမည်ဖြစ်ကြောင်း၊ ထို့အတူ အသားထုတ်လုပ်သူများအနေဖြင့်လည်း စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အများပြည်သူ စားသုံးမည့်အသားများ စစ်ဆေးနိုင်ရန်အတွက် ယခုကဲ့သို့သင်တန်းဖွင့်လှစ်ပေးသဖြင့် စားသုံးသူ ကာကွယ်ရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ အများပြည်သူစားသုံးမည့် အသားများကို စစ်ဆေးနိုင်မည့် ပညာရှင်များ၊ ကျွမ်းကျင်သူများ ပေါ်ထွက်လာသဖြင့် ဈေးကွက်အတွင်း ရောင်းချသည့်အသားများသည် စားသုံးသူတို့အတွက် ဘေးအန္တရာယ်ကင်းရှင်းမည် ဖြစ်သကဲ့သို့ အခြေခံလိုအပ်ချက်အပေါ်တွင်လည်း စိတ်ကျေနပ်မှုရှိစေမှာဖြစ်ကြောင်းပဏာမပြောကြားပြီး စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ တွင် ကုန်စည်များ တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန်ပြဌာန်းထားကြောင်း၊ ပုဒ်မ ၄၃ တွင် မြန်မာဘာသာ ဖြင့် ကုန်အညွှန်းအမှတ်အသားများ မဖြစ်မနေဖော်ပြပေးရမည့် အချက်များကို ပြဌာန်းထားကြောင်း၊ မြန်မာဘာသာဖြင့် ဖော်ပြရမည့် ပြဌာန်းချက်အား သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန်အတွက် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကို ထုတ်ပြန်ထားကြောင်း၊ ၎င်းညွှန်ကြားချက်တွင် အသားနှင့် အသားထွက် ပစ္စည်းအမျိုးမျိုးအတွက်လည်း ပါရှိကြောင်း၊ ယခုအခါ Super Market များတွင် အသားစိမ်းများကို ထုပ်ပိုးပြီး ရေခဲသေတ္တာတွင်ထား၍ ရောင်းချကြကြောင်း၊ ၎င်းထုပ်ပိုးအသားများအား ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် လိုအပ်ကြောင်းကို သင်တန်းသားများ သိရှိနိုင်ရန် ပြောကြားခြင်းဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် ယခုသင်တန်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ဈေးကွက်အတွင်းလက်တွေ့ အသုံးချနိုင်ခြင်းအားဖြင့် စားသုံးသူပြည်သူများ၏ ကျန်းမာရေးကိုလည်းကောင်း၊ နစ်နာဆုံးရှုံးမှုမရှိ စေရန်ကိုလည်းကောင်း အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားပါသည်။
အဆိုပါသင်တန်းကို ဇွန်လ ၂၂ ရက်မှ ၂၅ ရက်နေ့အထိ လေးရက်ကြာပို့ချမည်ဖြစ်ပြီး သင်တန်းသို့ အများပြည်သူစားသုံးမည့်အသားစစ်ဆေးခြင်းကို စိတ်ပါဝင်စားသူ သင်တန်းသား ၂၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)