ယခုနှစ်တွင် ထိုင်းနိုင်ငံ၏မော်‌တော်ဆိုင်ကယ်ထုတ်လုပ်မှုကျဆင်းနိုင်

Powered by Drupal

ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ်(FTI) သည် ယခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် စုစုပေါင်းထုတ်လုပ်မှုမြင့်တက်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏မော်‌တော်ဆိုင်ကယ်ထုတ်လုပ်မှု ရည်မှန်းချက်ကို လျှော့ချရန် သုံးသပ်လျှက်ရှိကြောင်း သိရပါသည်။ ထိုသို့လျှော့ချခြင်းသည် ထိုင်း စီးပွားရေးနှေးကွေးမှု၊ ပြည်ပခရီးသွားလာရောက်မှုကျဆင်းမှုနှင့် အမေရိကန်သမ္မတဒေါ်နယ် ထရမ့်၏ အကောက်ခွန်များကြောင့် စီးပွားရေးမသေချာမရေရာမှုတို့ကြောင့် ဖြစ်ကြောင်း သိရပါ သည်။ FTI ၏ ဒုတိယဥက္ကဌနှင့် မော်တော်ကားလုပ်ငန်းအသင်း၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Surapong Paisitpatanapong က ယခုနှစ်သည် မော်တော်ယာဉ်လုပ်ငန်းနှင့် ဆက်စပ်သည့် ကဏ္ဍများအတွက် ခက်ခဲသည့်နှစ်ဖြစ်ကြောင်းနှင့် ယခုနှစ်အလယ်ပိုင်းတွင် ရည်မှန်းချက်ကို ပြန်လည်ချိန်ညှိရန်စီစဉ်နေကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ် အစောပိုင်းတွင် အသင်းသည် ၂၀၂၅ ခုနှစ်အတွက် မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုကို အစီးရေ ၂.၁ သန်းဖြင့် ၂၀၂၄ ခုနှစ် ကထက် ၀.၁ ရာခိုင်နှုန်းမြင့်တက်ရန် မျှော်မှန်းထားကြောင်း သိရပါသည်။ ယခုနှစ် ပထမ ၃ လ ပတ်ကာလတွင် မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုသည် အစီးရေ ၆၆၄၄၈၅ စီးဖြင့် ယခင်နှစ် တူညီ သည့်ကာလထက် ၀.၇၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ သို့သော် စီးပွားရေးအခြေ အနေသည် ထိုင်းနိုင်ငံ၏ မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုကို ၂၀၂၅ ခုနှစ်တစ်လျှောက် ဆက်လက်တိုးချဲ့နိုင်ရန် အာမခံချက်မပေးကြောင်း  Mr Surapong ကပြောကြားခဲ့ပါသည်။ ထိုင်း နိုင်ငံ ခရီးသွားအေးဂျင့်များအသင်း၏ အဆိုအရ တရုတ်ခရီးသွားလာရောက်မှုအရေအတွက်မှာ ဆက်လက်ကျဆင်းလျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ခရီးသွားအရေအတွက်နှင့် မော်တော် ဆိုင်ကယ်ထုတ်လုပ်မှုမှာ ဆက်စပ်လျှက်ရှိကြောင်း သိရပါသည်။ အဘယ်ကြောင့်ဆိုသော် များစွာသောနိုင်ငံခြားခရီးသွားများသည် နိုင်ငံအတွင်းလည်ပတ်သည့်အခါ မော်တော်ဆိုင်ကယ် စီးနင်းရခြင်းကိုနှစ်သက်ကြသောကြောင့်ဖြစ်ကြောင်း ထိုင်းမော်တော်ကားလုပ်ငန်းအသင်း၏ အဆိုအရ သိရပါသည်။ ယခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ပြည်တွင်းမော်တော်ဆိုင်ကယ် ရောင်းချရမှုမှာ အစီးရေ ၄၅၅၂၄၄ စီးဖြင့် ယခင်နှစ်တူညီသည့်ကာလထက် ၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်ပသို့တင်ပို့မှုမှာ အစီးရေ ၂၄၂၀၉၆ စီးဖြင့် ၄.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ အမေရိကန်၊ ယူကေ၊ ဘယ်ဂျီယမ်နှင့် ဂျပန်တို့မှာ ထိုင်းနိုင်ငံ၏ အဓိကမော်တော်ဆိုင်ကယ်တင်ပို့ရာဈေးကွက်များဖြစ်ကြောင်း သိရပါသည်။

Reference; Bangkok Post

DOCA(ရန်ကုန်)