မုဒုံမြို့ ဆံတော်ရှင်ကန်ကြီးစေတီတော်၌ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ

Powered by Drupal

     မွန်ပြည်နယ်၊ မုဒုံမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော် မြတ်ကြီးတွင် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်သည့် ကဆုန်လပြည့်နေ့၌ ကျင်းပမြဲ ဖြစ်သော ညောင်ရေသွန်းပွဲတော်ကို ၁၁.၅.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက စေတီတော် ရင်ပြင် ပေါ်ရှိ ဗောဓိညောင်ပင်၌ ကျင်းပခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 

     ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုကန်တော့၍ ဩဝါဒါစရိယဆရာတော်ကြီးများ ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များ၊ မေတ္တာသုတ် ပရိတ်တရား တော်များ ချီးမြှင့်ပေးပြီး ဆရာတော်ကြီးများအား မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ စေတီတော်ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ စေတီတော်အား လက်ယာရစ်ပတ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ညောင်ထောက်ခြင်း၊ ရွှေကြာသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ခြင်းတို့ကို အေးချမ်းစွာ ကုသိုလ်ပြု ဆင်နွှဲခဲ့ကြသည်။  

     ညောင်ရေသွန်းပွဲတော်တွင် ပြည်သူအများ စိတ်အေးချမ်းသာစွာ ညောင်ရေသွန်းနိုင် ရေးအတွက် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ စီမံမှုဖြင့် လူမှုကူညီရေးအသင်း ပရဟိတအဖွဲ့ဝင်များက အမွှေးနံ့သာရည် ညောင်ထောက်ဝါးများ လှူဒါန်းခြင်းနှင့် လိုအပ်သည်တို့ကို ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)