
(၇.၅.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေများနှင့်အညီထုတ်လုပ်နိုင်စေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့်ဝန်ထမ်း များသည် မြင်းခြံမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ ခင်မြင့်ရီအမှတ်တံဆိပ် မုန့်ကြွပ်လုပ်ငန်းခွင်သို့ ကွင်းဆင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်မြင့်ရီအမှတ်တံဆိပ်မုန့်ကြွပ်လုပ်ငန်းသည် တစ်ရက်လျှင် ဂျုံ (၁၅)ပိဿာ အသုံးပြုရကြောင်း၊ ဆီပိဿာချိန်(၁၅)ပိဿာ ကုန်ကျပါကြောင်း၊ဂျုံတစ်ပိဿာလျှင် (၆၅၀၀)ကျပ်နှင့် ကုန်ချော မုန့်ကြွပ်ကြော် (၂၅)ကျပ်သားလျှင်(၅၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်ဖြင့် ဒေသတွင်း ဖြန့်ဖြူးပါကြောင်း သိရသည်။ ခရိုင်ဦးစီးမှူးမှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာ သုံးစွဲရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေး ထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည်ဖြစ်ပါကြောင်း၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာစားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)