
စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးသည်(၉.၅.၂၀၂၄)ရက်နေ့နံနက်(၀၉:၀၀)အချိန် တွင် ဟင်္သာတမြို့၊ ဈေးကလေးလမ်း၊ တာငါးဆယ်မြောက်ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် စားအုန်းဆီ လက္ကားကိုယ်စားလှယ်များနှင့် လက်လီအရောင်းဆိုင်လုပ်ငန်း ရှင် (၆၀)ဦးအား စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် စနစ်တကျ ခွဲဝေပေးနိုင်ရေး အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် ပထမဦးစွာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များအကြောင်း၊ ခွဲတမ်းရစားအုန်းဆီ လက်လီ/လက္ကားအရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ကာလအတွင်း၊ သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊အလေးချိန်မှန်ကန်စွာဖြင့် အချိန်မှီရောင်းချပေးနိုင်ရေး၊ ရောင်းချမှု လက်ခံဘောင်ချာများထားရှိစေခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက်(၂)%အမြတ် ထက် ကျော်လွန်၍ရောင်းချမှု မပြုလုပ်ရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မပြုလုပ်ရန် သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ကို သိရှိပါကြောင်း ခံဝန်ကတိ လက်မှတ်ရေးထိုးရ ခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်မှလည်း ခံဝန်ကတိ လက်မှတ်ရေးထိုးကာ နံနက်(၁၁:၀၀)အချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)