
ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ယခုနှစ် လက်ကျန်ကာလအတွက် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များ (FTAs) ညှိနှိုင်းဆွေးနွေးခြင်းနှင့် လက်မှတ်ရေးထိုးခြင်းအတွက် လမ်းပြမြေပုံတည်ထောင်ခြင်းကို ဝန်ကြီးချုပ်ထံသို့ မေလတွင် အစီရင်ခံ အဆိုပြုရမည်ဟု သိရပါသည်။ ပြည်တွင်းစိန်ခေါ်မှုများနှင့်အတူ ကမ္ဘာလုံဆိုင်ရာအခြေအနေ မသေချာမရေရာမှုများရှိနေသောကြောင့် အစိုးရသည် ဈေးကွက်များတိုးချဲ့ရန်၊ တင်ပို့မည့် ထုတ်ကုန်များနှင့် ထောက်ပံ့မှုကွင်းဆက်များကွဲပြားရန်နှင့် လုပ်ငန်းများထံသို့ သတင်းအချက်အလက် အချိန်ကိုက်ပံ့ပိုးပေးရန်အတွက် အင်တိုက်အားတိုက် ကြိုးပမ်းအားထုတ်ရန် တောင်းဆို ထားကြောင်း သိရပါသည်။ ၎င်းသည် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် တွင် FTA များအတွက် ဆွေးနွေးမှုများပြင်ဆင်ရာတွင် အရှိန်မြှင့်တင်ရမည်ဟု ဆိုလိုကြောင်း သိရပါသည်။ အမေရိကန်နှင့် ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုသည်လည်း တိုးချဲ့ထားသည့် သတင်းအချက်အလက်နည်းပညာသဘောတူညီချက်တွင် ဗီယက်နမ်၏ ပါဝင်ဆင်နွှဲမှုမြှင့်တင် ခြင်းနှင့် အမေရိကန်နည်းပညာထုတ်ကုန်များအတွက် တံခါးဖွင့်ထားခြင်းနှင့်အတူ အတူတကွ အရှိန်မြှင့်တင်ရမည်ဟု သိရပါသည်။အရှေ့အလယ်ပိုင်း၊ မြောက်အမေရိက၊ လတ်တင်အမေရိက၊ အိန္ဒိယ၊ အီဂျစ်နှင့် ပါကစ္စတန်အစရှိသည့် အလားအလာရှိသောဈေးကွက်များသို့ တင်ပို့မှုအရှိန် မြှင့်တင်ရန်အတွက် ကုန်သွယ်ရေးမြှင့်တင်ရေးဆောင်ရွက်မှုများ တိုးမြှင့်ရမည်ဟု သိရပါသည်။ ဝန်ကြီးဌာနသည် ကုန်သွယ်ရေးကာကွယ်မှုစီမံချက်များအားကောင်းရန်နှင့် ညှိနှိုင်းဆွေးနွေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသခံများနှင့် အနီးကပ်ပူးပေါင်း၍ အစားအစာနှင့် ဆေးဝါးများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့တွင် စောင့်ကြည့်ရန်နှင့် စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း သိရပါသည်။ အထွေထွေစာရင်းအင်းရုံးမှနောက်ဆုံးထုတ်ပြန်ချက်အရ ယခုနှစ်၏ ပထမ ၄ လတာကာလတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁၄၀.၃၄ ဘီလီယံ တန်ဖိုးတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ယနေ့အချိန် ထိ ဗီယက်နမ်သည် FTA ၁၆ ခုကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပြီး ၃ ခုမှာ ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်း သိရပါသည်။
DOCA (ရန်ကုန်)