စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံတော်၏ သီးနှံကဏ္ဍစိုက်ပျိုး ထုတ်လုပ်တင်ပို့မှုတိုးတက်ရေး၊ သီးနှံထွက်ကုန်များ ပြည်တွင်းစားသုံးမှုဖူလုံရေးအပြင် ပြည်ပပို့ကုန် မြှင့်တင်၍ နိုင်ငံခြားဝင်ငွေတိုးတက်ရှာဖွေနိုင်ရေးတို့အတွက် ပြည်ပပို့ကုန်အလားအလာရှိသော သီးနှံများ ရှာဖွေဖော်ထုတ်ပြီး စိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို လေ့လာသုံးသပ်တင်ပြလျှက် ရှိပါသည်။ ပြည်ပပို့ကုန်အလားအလာရှိသည့် လျှော်ဖြူစိုက်ပျိုးသည့်တောင်သူများ၊ အသင်းအဖွဲ့များ၊ အစုအဖွဲ့များအနေဖြင့် ရေရှည်ဈေးကွက်ခိုင်မာရေး၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီသော လျှော်ဖြူစေး ထွက်ရှိရေးနှင့် ဈေးနှုန်း၊ ဈေးကွက်အခိုင်အမာရရှိရန် ရည်ရွယ်လျှက် အထက်ဌာန၏ လမ်းညွှန်မှုဖြင့် (၁၂.၆.၂၀၁၈)ရက်နေ့တွင် ရွှေဘိုမြို့ “ရွှေဖြူ”မင်္ဂလာခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှကြီးမှူး၍ မြန်မာနိုင်ငံ လျှော်ဖြူအသင်း၏ဦးဆောင်မှုဖြင့် ရွှေဘိုခရိုင် လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်များနှင့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ရှိ လျှော်ဖြူ(ခ)ဆေးကုလားမ စိုက်ပျိုးသော တောင်သူ၊ လုပ်ငန်းရှင်များ၊ တင်ပို့ရောင်းချသူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၁၃၅)ဦးတက်ရောက်ခဲ့ပြီး ရွှေဘိုခရိုင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကို အလုပ်အမှုဆောင်(၂၁)ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ရွှေဘိုခရိုင်အနေဖြင့် ယနေ့အထိ လျှော်ဖြူ အစုအဖွဲ့ (၁၄)ဖွဲ့နှင့် အသင်း(၁)သင်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။
၂၀၁၉ခုနှစ်တွင် နိုင်ငံတော်မှ လျှော်ဖြူ(ခ)ဆေးကုလားမကို TRAGACANTH GUM HERB အမည်ဖြင့် တရုတ်(တိုင်ပေ)သို့ တရားဝင်လမ်းကြောင်းဖြင့် စတင်တင်ပို့ခွင့်ပြုခဲ့ပြီး လျှော်ဖြူစိုက်တောင်သူများ၊ အသင်း အဖွဲ့၊ အစုအဖွဲ့များအနေဖြင့် ရေရှည်စျေးကွက်ခိုင်မာရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မှီသော လျှော်ဖြူ အစေးထွက်ရှိရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်သဖြင့် ကုန်ကြမ်းလိုအပ်ချက်နှင့် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှု၊ သုံးစွဲမှု၊ တင်ပို့မှု၊ စျေးနှုန်းစျေးကွက်အခြေအနေ၊ စျေးကွက်အလားအလာများ သုံးသပ် တင်ပြနိုင်ရန်အတွက် စိုက်ဧက၊ အထွက်နှုန်း၊ သုံးစွဲမှု၊ ပိုလျှံမှုစသည့် အခြေခံစာရင်းများပြုစုထားရှိနိုင်ရေး အတွက် မြို့နယ်အလိုက် လျှော်ဖြူ(ခ)ဆေးကုလားမပင်စိုက်ဧက Updateစာရင်းကို ကွင်းဆင်၍ လည်းကောင်း၊ သက်ဆိုင်ရာအသင်းအဖွဲ့၊ အစုအဖွဲ့များဖြင့် ပေါင်းစပ်ညှိနှိုင်း၍လည်းကောင်း စာရင်း ကောက်ယူပြုစု၍တင်ပြခဲ့ပါသည်။ ၎င်းအပြင် ပြည်ပဈေးကွက်ဝင်နှစ်ရှည်ပင်ဖြစ်သည့် လျှော်ဖြူ(ခ) ဆေးကုလားမပင်၏ စိုက်ပျိုးထုတ်လုပ်မှု၊ သုံးစွဲမှု၊ တင်ပို့မှု၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ၂၀၁၉ခုနှစ်တွင် Market Surveyပြုလုပ်၍ အစီရင်ခံစာများတင်ပြခဲ့ပါသည်။
ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ် ဧပြီလကုန်အထိ ရွှေဘိုမြို့နယ်တွင်(၉၈)ဧက၊ ဝက်လက် မြို့နယ်တွင် (၁၂၅၀)ဧက၊ ခင်ဦးမြို့နယ်တွင်(၇၉၄)ဧက၊ ရေဦးမြို့နယ်တွင်(၂၇)ဧက၊ တန့်ဆည်မြို့နယ်တွင် (၃၅၄)ဧက ဒီပဲယင်းမြို့နယ်တွင်(၂၂၁)ဧကနှင့် ကျောက်မြောင်းမြို့တွင်(၁၀၄၀)ဧက၊ စုစုပေါင်း(၃၇၈၄)ဧက စိုက်ပျိုး ထားရှိပြီးဖြစ်ပါသည်။ ၎င်းစိုက်ပျိုးထားသော လျှော်ဖြူစိုက်ဧကများအနက် အစေးထုတ်နိုင်သည့် ဧကမှာ ရွှေဘိုမြို့နယ်တွင်(၂၇)ဧက၊ ဝက်လက်မြို့နယ်တွင်(၁၂၅)ဧက၊ ခင်ဦးမြို့နယ်တွင်(၄၃၆)ဧက၊ တန့်ဆည်မြို့နယ်တွင်(၁၅၃)ဧက၊ ဒီပဲယင်းမြို့နယ်တွင်(၁၅)ဧကနှင့် ကျောက်မြောင်းမြို့တွင်(၃၀၅)ဧက၊ စုစုပေါင်း (၁၀၆၁)ဧကဖြစ်ပြီး တစ်ဧကအထွက်နှုန်း(၂၃၂၅.၃၁)ပိဿာခန့်ရှိသဖြင့် (၂၄၆၇၁၅၀)ပိဿာ ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။
လျှော်ဖြူစေးထုတ်လုပ်ရောင်းချမှုနှင့်ပတ်သက်၍ ရွှေဘိုခရိုင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းအလုပ်အမှုဆောင်အဖွဲ့ ဒု-ဥက္ကဌ(၂)ထံ ချိတ်ဆက်မေးမြန်းရာ ၂၀၁၉ခုနှစ်တွင် မန္တလေးဈေးကွက်၌ ရေခဲသားအပွင့်အကြွထိပ်စ တစ်ပိဿာလျှင် (၂၈၀၀ဝိ/-)ဈေးဖြင့်ရောင်ချရပြီး ၂၀၂၂ခုနှစ်၌ ယခင်လများတွင် မန္တလေးဈေးကွက်၌ ထိပ်စတစ်ပိဿာလျှင် (၈၀၀ဝိ/-)မှ (၅၀၀ဝိ/-)၊ (၃၀၀ဝိ/-)၊ (၂၀၀ဝိ/-)ဈေးနှုန်းဖြင့် အရည်အသွေးအမျိုးအစားလိုက် ရောင်းချရသဖြင့် တွက်ခြေမကိုက် ကြောင်း၊ မန္တလေးရှိကုန်သည်များမှ ဇွန်လကုန်ခါနီးတွင် နယ်အရောက်ဆင်းဝယ်ခြင်းမဟုတ်ဘဲ မန္တလေး ဈေးကွက်၌ ထိပ်စတစ်ပိဿာလျှင် (၈၀၀ဝိ/-)ဖြင့် ဝယ်ယူမည်ဟုသိရှိရကြောင်း၊ ယခုအချိန်တွင် လျှော်ဖြူ စိုက်ပျိုးသူများအနေဖြင့် ကုန်ကျစရိတ်နှင့် ရောင်းချရသည့်ဈေးနှုန်း တွက်ခြေမကိုက်၍ အစေးမထုတ်ကြ သေးကြောင်း၊ အပင်များတုတ်ပြီး အစေးခြစ်သည့် ဒဏ်ရာ(မန်း)တက်အောင် ပြုစုလျက်ရှိကြောင်း၊ ဈေးနှုန်းနှင့် ဈေးကွက်ကောင်းမည်ဆိုပါက (၁၀)ရက်ခန့်ကြိုတင်ပြင်ဆင်ပြီး အစေးထုတ်၍ရကြောင်း၊ လျှော်ဖြူအစေးသည် နေရောင်တိုက်ရိုက်ထိတွေ့ခြင်းကို မကြိုက်၍ နေတစ်ဆင့်ခံအလင်းရောင်ရသည့် နေရာတွင် ပန်ကာဖြင့်အခြောက်ခံပါက အစေးအရည်အသွေးကောင်းပြီး အရောင်တော်တော်နှင့် မပျက် ကြောင်း၊ အစေးထုတ်ပြီး(၃)ရက်မှ (၁၅)ရက်အတွင်း ဈေးကွက်သို့ရောင်းချ၍ရကြောင်း၊ လျှော်ဖြူပင်သည် စိုက်ပျိုးပြီး(၃)နှစ်သားအရွယ်တွင် အစေးခြစ်ရန်အကောင်းဆုံးဖြစ်သော်လည်း မြေ၊ စိုက်ပျိုးသည့်စနစ်၊ ပျိုးပင်နှင့် အပင်ပြုစုပုံပေါ်မူတည်၍ တစ်နှစ်ခွဲအရွယ်ဖြင့် အစေးထုတ်၍ရကြောင်း၊ မိမိအနေဖြင့် ဧက(၂၀)စိုက်ပျိုးထားပြီး ကုန်သည်များမှ လျှော်ဖြူစေးဝယ်ယူလိုကြောင်း ချိတ်ဆက်လာပါက နည်းစနစ် ပိုင်း၊ ပစ္စည်းအရည်အသွေးပိုင်း၊ တစ်ရက်ထွက်ရှိမည့်ပိဿာများကို ရွှေဘိုနယ်အနီးရှိ ဧက(၂၀၀)ခန့်အား တာဝန်ယူ ဆောင်ရွက်ပေး၍ရကြောင်းနှင့် ယခုအချိန်တွင်လျှော်ဖြူစိုက်ပျိုးသူများအနေဖြင့် လျှော်ဖြူစေး အချိန်မရွေးထုတ်၍ရစေရန် ပြုစုခြင်းများဆောင်ရွက်လျှက်ရှိသဖြင့် ဈေးနှုန်းနှင့်ဈေးကွက်ကောင်းမျှော်လင့်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA ( စစ်ကိုင်း )