
Batam မြို့တော်၏ ဗျူဟာမြောက်သော ပထဝီတည်နေရာကြောင့် အင်ဒိုနီးရှားအစိုးရသည် မြို့တော်တွင် အမျိုးသားဒေတာစင်တာတည်ထောင်ရန် အာရုံစိုက်ထားကြောင်း သတင်း အချက်အလက်နည်းပညာဌာန၏ ဒုတိယအကြီးအကဲ Ricky Kusmayadi က ပြောကြားခဲ့ပါသည်။ ဂျကာတာမြို့တော်တွင် ကျင်းပခဲ့သည့် ဒေတာစင်တာဖွင့်ပွဲအခမ်းအနားတွင် Kusmayadi က Batam အားဒေတာစင်တာတည်ထောင်ရန်ရွေးချယ်ရခြင်းသည် ရင်းနှီးမြှုပ်နှံမှုညီမျှမှုရှိရန် အားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အရှေ့တောင်အာရှ၏ ဒေတာစင်တာအခြေခံအဆောက်အအုံကြီးထွားနှုန်းသည် ၂၀၀ ရာခိုင်နှုန်းထိ မြင့်တက်ရန် ခန့်မှန်းရကြောင်းသိရပါသည်။ ထိုသို့မြင့်တက်နိုင်ခြင်းသည် AI၊ cloud နည်းပညာ၊ ဆိုရှယ် မီဒီယာနှင့် e-commerce အစရှိသည့်နည်းပညာများအသုံးပြုခြင်းနှင့်အတူ ဒစ်ဂျစ်တယ် စီးပွားရေးကြီးထွားမှု ၏ မောင်းနှင်အားကြောင့်ဖြစ်ကြောင်းသိရပါသည်။ အင်ဒိုနီးရှားသည် ဒေတာစင်တာကြီးထွားမှု၏ အရေးပါသောမောင်းနှင်အားဖြစ်လာရန် ယူဆရပြီး လတ်တလောတွင် ဒေတာသိုလှောင်နိုင် စွမ်း ၄၃၀ မဂ္ဂါဝပ်မှ ၂၀၂၈ ခုနှစ်တွင် ၉၃၆ မဂ္ဂါဝပ်ထိမြင့်တက်ရန် ခန့်မှန်းရကြောင်း သိရပါသည်။ Digital governance technology မှ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Mira Tayyiba ကအင်ဒိုနီးရှား သည် ဒေတာစင်တာများပါဝင်သော ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံအတွက် ရင်းနှီးမြှုပ်နှံမှု ဦးတည်ရာဖြစ်လာရန် ဗျူဟာမြောက်အလားအလာကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပါ သည်။ အင်ဒိုနီးရှားသည် ဒေတာစင်တာတည်ထောင်ရာတွင် ပံ့ပိုးပေးနိုင်ရန် ဆိုလာစွမ်းအင်မှ ၂၀၇ ဂစ်ဂါဝဂ် နှင့် geothermal စွမ်းအင်မှ ၂၉ ဂစ်ဂါဝဂ် လျှပ်စစ်ဓာတ်အားပေးနိုင်ရန်အတွက် အလားအလာရှိသော အရင်းအမြစ်များကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။
Antara News
DOCA (ရန်ကုန်)