
တရုတ်အခြေစိုက် Bestway International သည် ဗီယက်နမ်နိုင်ငံ Can Tho မြို့တော် တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ဧပြီလ ၂၅ ရက်နေ့က မိတ်ဆက်ခဲ့ပြီး မဲခေါင်ဒယ်တာဒေသအတွက် အကြီးစားပြည်ပရင်းနှီးမြှုပ်နှံမှုကို သိသာစွာအရှိန် မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ တရားဝင်မိတ်ဆက်သည့်အခမ်းအနားတွင် Bestway International ၏ ထုတ်လုပ်မှုညွှန်ကြားရေးမှူးချုပ် Song Qing Shui က Can Tho မြို့ ဗီယက်နမ်-စင်ကာပူစက်မှုဇုန်တွင် တည်ရှိမည့် ထိုစက်ရုံသည် ၂၈.၆ ဟတ်တာကျယ်ဝန်းမည်ဟု ပြောကြားခဲ့ပါသည်။ ထိုစက်ရုံဆောက်လုပ်မှုကို ၂၀၂၅ ခုနှစ် တတိယ ၃ လပတ်ကာလတွင်စတင် မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်ကုန်ပိုင်းတွင် ပြီးမြောက်ကာအပြည့်အဝလည်ပတ်နိုင်ရန်မျှော်မှန်း ရကြောင်း သိရပါသည်။ ထိုစက်ရုံကို စိမ်းလန်းပြီး နည်းပညာမောင်းနှင်သောစက်ရုံအဖြစ် တည်ထောင်မည်ဖြစ်ပြီး R&D စနစ်များ၊ စမတ်သိုလှောင်ရုံများနှင့် အဆင့်မြင့်ထောက်ပံ့ ပို့ဆောင်ရေးအခြေခံအဆောက်အအုံများပါဝင်မည်ဟု သိရပါသည်။ အပြည့်အဝလည်ပတ်နိုင်ပါ က စက်ရုံသည် တိုက်ရိုက်အလုပ်အကိုင် ၅၀၀၀ ကျော်ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နှစ်စဉ်ပျမ်းမျှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရရှိနိုင်မည်ဟု သိရပါသည်။ ထိုစီမံကိန်းသည် ဒေသတွင်း အလုပ်အကိုင်ရရှိမှုနှင့် စီးပွားရေးကြီးထွားမှုကို သိသာစွာမြှင့်တင်ပေးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ Can Tho မြူနီစပယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဌဖြစ်သူ Nguyen Thuc Hien ကအခြေခံအဆောက်အအုံများမြှင့်တင်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် သင့်လျော်သော အခြေအနေများဖန်တီးရန်၊ လုပ်ငန်းစဉ်များမြန်ဆန်ချောမွေ့စေရန်နှင့် စီမံကိန်းကိုပံ့ပိုးပေးရန် မြို့တော်၏အာမခံချက်ကို အတည်ပြုခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ထိပ်တန်းလေထိုးအရုပ်နှင့် အားကစားထုတ်ကုန်ထုတ်လုပ်သူဖြစ်သည့် Bestway International သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၂ နိုင်ငံတွင်လုပ်ငန်းလည်ပတ်လျှက်ရှိပြီး အလုပ်အကိုင် ၁၅၀၀၀ ခန့်အပ်ထားကြောင်း သိရပါသည်။
Ref..Vietnam Plus
DOCA(ရန်ကုန်)