“ရမည်းသင်းခရိုင်အတွင်းရှိ တို့ဟူးလုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံခြင်း’’

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ၊ ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက် (၁၀း၀၀) နာရီချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် ရမည်းသင်းမြို့ တို့ဟူးလုပ်ငန်းလုပ်ကိုင်သော ဦးစိုး+ဒေါ်ရွှေအိ တို့ဟူးလုပ်ငန်းတို့ သွားရောက်လေ့လာဆွေးနွေးခဲ့ပါသည်။

            တို့ဟူးလုပ်ငန်းသည် မိရိုးဖလာလုပ်ငန်းဖြစ်ပြီး မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း၊ တို့ဟူးကျိုရာတွင် ကုလားပဲကို (၄) နာရီကြာ‌ ရေစိမ်၍ ကြိတ်ရကြောင်း၊ ကြိတ်၍ကျလာသော အရည်အား ပိတ်စနှင့်စစ်၍ ကျရည်ကိုသွန်၍ အနစ်ထုတ်ယူရကြောင်း၊ ၎င်းကျရည်ကိုလည်း တိရစ္ဆာန်စာအဖြစ်လာရောက်ဝယ်ယူကြ‌ကြောင်း၊ ရရှိလာသော အနှစ်ကို မိနစ် (၄၀) ကြာ ကျိုရပြီး အအေးခံပုံစံခွက်သို့ ထည့်၍ အအေးခံရကြောင်းသိရှိရပါသည်။

            တို့ဟူးကျိုရာတွင် အသုံးပြုသော ကုန်ကြမ်းကုလားပဲကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ကုလားပဲ တစ်အိတ်လျှင် အချိန် (၃၀) ရှိပြီး (၉၄၀၀၀) ကျပ်ပေးရကြောင်း၊ တစ်နေ့လျှင် ကုန်ကြမ်းတစ်အိတ်ခွဲခန့် ပုံမှန်ပြုလုပ်ရကြောင်း၊ ကုလားပဲ ၁ ပိဿာကျိုလျှင် တို့ဟူးအချိန် (၂.၅) ပိဿာထွက်ရှိပြီး ကုန်ကြမ်းတစ်အိတ်ခွဲကျိုလျှင် ပိဿာ(၁၀၀) ခန့်ရရှိကြောင်း သိရှိရပါသည်။ လုပ်သား (၃) ဦးအသုံးပြု၍ လုပ်ငန်းဆောင်ရွက်လျှက်ရှိပြီး လုပ်သားတစ်ဦးလျှင် (၁၀၀၀၀) နှုန်းဖြင့် (၃၀၀၀၀) ကျပ် ကုန်ကျကြောင်း သိရှိရပါသည်။ ကုန်ချောတို့ဟူးများ ကို တစ်ပိဿာ (၅၀၀၀) ကျပ်ဖြင့် ရောင်းချပြီးအဆိုပါ တို့ဟူးများသည် (၁၀) ရက်ခန့်အထားခံသဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားမြို့များအထိ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)