ကလေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် စပါးစံပြစိုက်ကွက်စိုက်ပျိုးမည့်တောင်သူများသို့ မျိုးစေ့များနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

Powered by Drupal

           ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ စိုက်ပျိုးရေး ဦးစီးဌာနတွင် ( ၁၃.၇.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  စပါးတင်း (၁၀၀) နှင့်အထက် ထွက်ရှိရေး စံပြစိုက်ကွက်နှင့် မျိုးစေ့ထုတ်စံပြတောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းနားကို ကျင်းပခဲ့ကြောင်း သိရသည်။

           စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ထွန်းဝင်းမှ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် သီးနှံများမျိုးကောင်းမျိုးသန့်များရရှိစေရန် မျိုးစေ့များ မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ရန်အတွက်၊ စိုက်ပျိုးရေး အလေ့ကျင့်ကောင်းများ ( GAP ) တိုးတက်အောင် ဆောင်ရွက်နိုင်စေရန်၊ စီးပွားရေး တွက်ချေကိုက်ပြီး ဈေးကွက်ဝင်သော သီးနှံများ ပိုမိုစိုက်ပျိုးလာနိုင်စေရန်နှင့် စိုက်ပျိုးရေးဦးစီးဌာအနေဖြင့် တောင်သူများ စိုက်ပျိုးရေးဗဟုသုတများ တိုးပွားစေရန်အတွက် ဆွေးနွေးပွဲများ၊ စိုက်ပျိုးရေးသင်တန်းများနှင့် လက်တွေ့ကွင်းဆင်း ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

             ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မာန်အွေမှ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်စေရန်၊ စိုက်ပျိုးမြေပြုပြင် သုံးစွဲနည်းများ၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေးရည် ပြုလုပ်သုံးစွဲ နည်းများနှင့် ဓာတုဗေဒဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများသုံးစွဲမှုလျော့ချနိုင်ရေး၊ သဘာဝမြေဩဇာများ သုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်ပြီး ရရှိလာမည့်ရလဒ်ကောင်းများကို အကျယ်တဝင့် ဆွေးနွေးပြီး တာဝန်ရှိသူများမှ တောင်သူများသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

         အဆိုပါအခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ စံပြစိုက်ကွက် စိုက်ပျိုးမည့်တောင်သူများနှင့် မျိုးစေ့ထုတ်တောင်သူ စုစုပေါင်း ( ၃၀ ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)