ဖိလစ်ပိုင်၏ သကြားထုတ်လုပ်မှု မူလခန့်မှန်းချက်ထက် ၅ ရာခိုင်နှုန်းခန့် ပိုမိုဖွယ်ရှိ

Powered by Drupal

     ဖိလစ်ပိုင်၏ သကြားထုတ်လုပ်မှုသည် မူလခန့်မှန်းထားသည့် တန်ချိန် ၁.၇၈၂ သန်းမှ ၅ ရာခိုင်နှုန်းခန့် ပိုမိုလျက် ၂၀၂၄-၂၀၂၅ သီးနှံရာသီတွင် တန်ချိန် ၁.၈၃၇  သန်းထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

    သကြားလုပ်ငန်းနယ်ပယ်၏ နောက်ဆုံးရရှိသည့် အချက်အလက်များအရ ကြံတစ်တန်မှ သကြား ကြိတ်ဝါးထွက်ရှိမှုနှုန်း လျော့နည်းသော်လည်း စိုက်ပျိုးမှုဧရိယာ တစ်ဟက်တာ၏ ကြံ တန်ချိန် အထွက်နှုန်းမြင့်မားသည့်အတွက် စုစုပေါင်း သကြားတန်ချိန် ၁.၈၁၅ သန်း ထွက်ရှိနိုင်မည် ဟု ဖိလစ်ပိုင်သကြားထုတ်လုပ်မှု စီမံခန့်ခွဲရေးအဖွဲ့ (SRA) ကပြောကြားခဲ့ပါသည်။

     အဆိုပါ SRA ၏ စီမံခန့်ခွဲရေးမှူး Pablo Azcona က ၂၀၂၂ ခုနှစ်မှစတင်၍ သကြားဈေးနှုန်း တည်ငြိမ်အောင် အဖွဲ့၏ ကြိုးပမ်းအားထုတ်မှု ရလဒ်အဖြစ် ယခုကဲ့သို့ တိုးတက်မှုရရှိခဲ့ခြင်းဖြစ် ကြောင်း၊ တောင်သူများအတွက် သင့်တင့်မျှတသည့် အရောင်းဈေးနှုန်း ရရှိအောင် ဆောင်ရွက်ပေး ထားခြင်းက အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် ကြံစိုက်ခင်းများကို  SRA ၏ ကြံမျိုးကွဲအသစ်များဖြင့် ပြန်လည်စိုက်ပျိုးရန် တွန်းအားဖြစ်စေခဲ့ကြောင်း၊ အဆိုပါဈေးနှုန်း သည် သကြားထုတ်လုပ်မှုနယ်ပယ်၌ ပါဝင်လုပ်ကိုင်နေကြသူများအတွက် ထုတ်လုပ်မှု ကုန်ကျ စရိတ်ကြီးမြင့်မှုကို ခုနှိမ်မှုဖြစ်စေလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

      Visayas နယ်မြေသည် တစ်နိုင်ငံလုံး သကြားထုတ်လုပ်မှုစုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းရှိပြီး ကြံအများဆုံးစိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ အဆိုပါဒေသရှိ Negros ကျွန်းမှ ၆၃ ရာခိုင် နှုန်း၊ Panay ကျွန်းမှ ၆.၃ ရာခိုင်နှုန်းနှင့် ကျန်ပမာဏမှာ Cebu နှင့် Leyte ကျွန်းများမှ ပါဝင်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ နိုင်ငံတောင်ပိုင်း၌ သကြားလုပ်ငန်းနယ်ပယ်၏ နောက်ထပ် ‌ရှေ့ပြေးတစ်ခုဖြစ်လာနေသည့် Mindanao ကျွန်းနယ်မြေသည် သကြားထုတ်လုပ်မှုစုစုပေါင်း၏ ၂၄ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိပြီး နိုင်ငံမြောက်ပိုင်းရှိ Luzon ကျွန်းနယ်မြေမှ ၅ ရာခိုင်နှုန်း ခန့်ကို ထုတ်လုပ်ကြောင်း သိရှိရပါသည်။

      ပြင်းထန်သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဆိုးဝါးသည့် ပျက်စီးဆုံးရှုံးမှုအပေါ် အခြေခံ၍ ကနဦး ခန့်မှန်းတွက်ချက်မှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ SRA အနေဖြင့် ကြံမျိုးကွဲအသစ်များ မှစတင်၍ မြေဆီလွှာ၊ ဆည်ရေပေးဝေမှုနှင့် ရာသီအလိုက်စိုက်ပျိုးရမည့် သီးနှံအချိန်ဇယား စသည် တို့တိုင်အောင် ကဏ္ဍအလိုက် သုတေသန ပြုလုပ်မှုများတွင် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ကြံအထွက် နှုန်း တိုးတက်မှုနှင့်အတူ ကြံတစ်တန်မှ သကြားထွက်ရှိမှုနှုန်း တိုးတက်ကောင်းမွန်လာမည်ဟု ခန့်မှန်းထားကြောင်း Mr. Azcona က ပြောကြားခဲ့သည်။

Source : Manila Standard, May 19, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)