၂၀၂၅-၂၆ ခုနှစ်၌ ဗီယက်နမ်သည် ကမ္ဘာ့ဒုတိယ ဆန်တင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်လာနိုင်

Powered by Drupal

     ပြည်တွင်းထုတ်လုပ်မှု ကျဆင်းနေချိန်၌ ပြည်ပသို့တင်ပို့ရန် ဝယ်လိုအားကို ဖြည့်ဆည်းနိုင် ရေးအတွက် ဆန်တင်သွင်းမှုပမာဏကို မြှင့်တင်ရန် လိုအပ်လျက်ရှိရာ ဗီယက်နမ်နိုင်ငံသည် ၂၀၂၅-၂၆ ခုနှစ်တွင်  ဖိလစ်ပိုင်၏ နောက်၌ ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်သွင်းသူ ဖြစ်လာနိုင်သည်ဟု အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ၏ နောက်ဆုံး ထုတ်ပြန်သော ကမ္ဘာ့လယ်ယာထွက်ကုန် ရောင်းလိုအားနှင့် ဝယ်လိုအား ခန့်မှန်းချက်၌ ဖော်ပြခဲ့ပါသည်။

     ဗီယက်နမ်ဆန်ကို ပုံမှန်ဝယ်ယူသည့် ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ် ဝယ်လိုအား တန်ချိန် ၅.၅ သန်းဖြင့် ကမ္ဘာ့ဆန်အများဆုံး တင်သွင်းသူအဖြစ် ဆက်လက်တည်ရှိနိုင်ချိန်တွင် ဗီယက်နမ်၏ ဆန်တင်သွင်းမှုမှာ ၂၀၂၄-၂၀၂၅ ခုနှစ်၌ တန်ချိန် ၄ သန်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တန်ချိန် ၄.၁ သန်း ရှိမည်ဟု USDA က ခန့်မှန်းထားပါသည်။

    တစ်ချိန်တည်းတွင် ဗီယက်နမ်သည် ထိုင်းနိုင်ငံကို ကျော်တက်ကာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့သူ ဖြစ်လာနိုင်ပြီး ၂၀၂၄-၂၅ ခုနှစ်၌ တင်ပို့သည့် ပမာဏအတိုင်း ၂၀၂၅-၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၇ ဒသမ ၉ သန်း တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊  အဆိုပါ ရောင်းဝယ်ရေးနှစ် များ၌ ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၇ သန်းနှင့် ၇ ဒသမ ၂ သန်း အသီးသီး ရှိနိုင်ကြောင်း၊  အိန္ဒိယနိုင်ငံသည် နှစ်စဉ် ဆန်တင်ပို့မှုပမာဏ တန်ချိန် ၂၄ သန်းခန့်ဖြင့် ကမ္ဘာ့အကြီးဆုံး ဆန် တင်ပို့သူအဖြစ် ဆက်လက်ရပ်တည်နေနိုင်ကြောင်း သိရပါသည်။

    လယ်သမားများသည် အကျိုးအမြတ် ပိုမိုရရှိသည့် အခြားသီးနှံများကို  ပြောင်းလဲစိုက်ပျိုး လာကြသဖြင့် ဗီယက်နမ်၏ စပါးစိုက်ဧရိယာနှင့် ထုတ်လုပ်မှုသည် ကျဆင်းလာနိုင်သည်ဟု ဧပြီ လတွင် ထုတ်ပြန်ခဲ့သည့် USDA ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

     ပို့ကုန်ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် ဗီယက်နမ်နိုင်ငံရှိ ဆန်တင်ပို့သူများနှင့် ဆန် စက်လုပ်ငန်းများသည် ကမ္ဘောဒီးယားနိုင်ငံထံမှ စပါးများကိုဝယ်ယူခြင်းဖြင့် ပြည်တွင်းရောင်းလို အားအပိုင်းကို ဖြည့်တင်းပေးလျက်ရှိသည်။ ဗီယက်နမ်၏ ဆန်စပါးတင်သွင်းမှု၌ ၇၇ ရာခိုင်နှုန်းမှာ စပါးများဖြစ်ပြီး အများစုသည် ကမ္ဘောဒီးယားထံမှ ဝယ်ယူကြောင်း၊ ဆန်တင်သွင်းမှု၏ အများစုကို အိန္ဒိယနိုင်ငံထံမှ ရယူခြင်းဖြစ်ကြောင်း သိရပါသည်။

      ဗီယက်နမ်နိုင်ငံ၏ ပြည်ပမှဆန်ဝယ်ယူတင်သွင်းခြင်းမှာ ပြည်တွင်း၌ ဆန်ပြတ်လပ်မှု၏ ရလဒ်ကြောင့်မဟုတ်ကြောင်း၊ ဆန်ပြန်လည်တင်ပို့ရန် ပို့ကုန်လိုအပ်ချက်နှင့် ခေါက်ဆွဲ၊ ကြာဇံနှင့် ကော်ပြန့်ရွက် ကဲ့သို့သော ပြုပြင်ထုတ်လုပ်သည့် ကုန်ချောများအတွက် ဆန်ကုန်ကြမ်းကို အဓိက ထားတင်သွင်းခြင်းဖြစ်ကြောင်း ဗီယက်နမ်စားသောက်ကုန်လုပ်ငန်းအသင်း (VFA) မှ ဥက္ကဋ္ဌ Do Ha Nam က ပြောကြားခဲ့သည်။

Source: The Nation Thailand, May 16, 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)