အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) က ၂၀၂၅ ခုနှစ် ဧပြီလအတွက် ဆန်စပါး ဈေးကွက်အလားအလာ ခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့ရာတွင် ၂၀၂၄-၂၅ သီးနှံရာသီနှစ်အတွင်း ကမ္ဘာ့ ဆန်ထုတ်လုပ်မှုမှာ ယခင်နှစ်ကာလထက် တန်ချိန် ၃.၁ သန်း တစ်နည်းအားဖြင့် ၃ ရာခိုင်နှုန်းခန့် ပိုမိုလျက် ဆန်တန်ချိန်ပေါင်း ၅၃၅.၈ သန်းအထိ စံချိန်တင် မြင့်တက်နိုင်သည်ဟု ပြင်ဆင်ဖော်ပြခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အစီရင်ခံစာ၌ ၂၀၂၄-၂၅ ခုနှစ်အတွက် ကမ္ဘာ့ဆန် နှစ်ကုန်လက်ကျန်ပမာဏကို ယခင်အကြိမ် ခန့်မှန်းချက်ထက် တန်ချိန် ၁.၇ သန်း ပိုမိုတိုးမြှင့်လျက် ဆန်တန်ချိန် ၁၈၃.၂ သန်း အထိ ကျန်ရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ပြင်ဆင်ခန့်မှန်းမှုကို အရှေ့တောင်အာရှဒေသအတွင်း အလေးပေးထားပြီး အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများ၏ လက်ဝယ်ကျန်ရှိနိုင်မှုကို ယခင် ခန့်မှန်းချက်ထက် ယခုပိုမိုတိုးမြှင့်ထားကြောင်း ဖော်ပြထားသည်။
အိန္ဒိယ၏ အရန်ဆန်သိုလှောင်ထားရှိမှုမှာ ယခင်နှစ်ကထက် တန်ချိန် ၁.၅ သန်း ပိုမိုနိုင်မှု နှင့်အတူ ကမ္ဘာ့နှစ်ကုန်ဆန်လက်ကျန် နှစ်အလိုက်မြင့်တက်လာမှုတွင် အိန္ဒိယနိုင်ငံမှ အများစု ပါဝင်လျက်ရှိသည်။ ကမ္ဘာ့ဆန်လက်ကျန်ပမာဏ၌ ၅၆ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးပါဝင်လျက်ရှိ သော တရုတ်နိုင်ငံ၏ ၂၀၂၄-၂၅ ခုနှစ်၊ နှစ်ပိတ်ဆန်လက်ကျန်ပမာဏကိုမူ ပြောင်းလဲမှုမရှိပဲ ယခင် အတိုင်း တန်ချိန် ၁၀၃.၅ သန်းရှိမည်ဟု USDA က ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာအရ ၂၀၂၄-၂၅ ခုနှစ်အတွက် ကမ္ဘာ့ဆန်ရောင်းလိုအားသည် တန်ချိန် ၇၁၅.၃ သန်းအထိ စံချိန်တင်မြင့်မားမှုရှိမည်ဖြစ်ပြီး ၂ နှစ်ဆက်တိုက် ဆန်ရောင်းလိုအား တိုးတက်မှုအဖြစ် ယခင်နှစ်ကထက် တန်ချိန် ၁၂.၃ သန်း ပိုမိုမည်ဖြစ်သည်။
၂၀၂၅ ပြက္ခဒိန်နှစ်အတွက် ကမ္ဘာ့ဆန်ကုန်သွယ်မှုကို ယခင်ခန့်မှန်းထားမှုထက် ၂ ရာခိုင်နှုန်း မြှင့်တင်လျက် တန်ချိန် ၅၉.၇ သန်းရှိမည်ဟု ပြင်ဆင်ခဲ့ရာ ယခင်နှစ် ကုန်သွယ်မှုပမာဏအောက် တန်ချိန် ၀.၂ သန်းမျှသာ လျော့နည်းမည်ဖြစ်သည်။ ဆန်တင်ပို့မှုအပိုင်းတွင် တရုတ်၊ ထိုင်းနှင့် အမေရိကန်နိုင်ငံတို့၏ တင်ပို့နိုင်ခြေကို ပြန်လည်လျှော့ချခန့်မှန်းမှုထက် ကမ္ဘောဒီးယား၊ အိန္ဒိယနှင့် ပါကစ္စတန်တို့၏ တင်ပို့နိုင်မှုကို တိုးတက်ခန့်မှန်းသည့် ပမာဏက ပိုမိုလာကြောင်း သိရှိရသည်။
ဆန်တင်သွင်းမှုအပိုင်း၌ ၂၀၂၅ ပြက္ခဒိန်နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် နီပေါနိုင်ငံ တို့၏ တင်သွင်းမှုမှာ ယခင်ခန့်မှန်းထားသည်ထက် အနည်းဆုံး တန်ချိန် ၄၀၀၀၀၀ ခန့်ပိုမိုမည်ဖြစ်ကြောင်း၊ သို့သော် ဥရောပသမဂ္ဂ၏ ဆန်တင်သွင်းမှုမှာ အနည်းဆုံး တန်ချိန် ၁၅၀၀၀၀ ခန့် လျော့ နည်းဖွယ်ရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်တွင်းထုတ်လုပ်မှု မြင့်တက်လာမှုနှင့်အတူ ယခင်က ဝယ်ယူထားသောဆန်များ ကျန်ရှိနေမှုအရ ယခင်နှစ် တင်သွင်းခဲ့သည့် ဆန်တန်ချိန် ၃.၉ သန်းခန့်နှင့် နှိုင်းယှဉ်ပါက သိသာစွာကျဆင်းလျက် တန်ချိန် ၈၀၀၀၀၀ ခန့်သာ တင်သွင်းရဖွယ်ရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် ယခုနှစ်အတွင်း ဆန်တန်ချိန် ၁.၅၂၅ သန်းအထိ စံချိန် တင် တင်သွင်းရနိုင်ကြောင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် ကမ္ဘာ့ဆန်အများဆုံး တင်သွင်းသည့် နိုင်ငံများအဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း USDA ဌာနက ပြောဆိုထားသည်။
ဆန်တင်ပို့သည့် နိုင်ငံများတွင် ထိုင်းနိုင်ငံ၏ တင်ပို့မှုမှာ တန်ချိန် ၅၀၀၀၀၀ ခန့် လျော့နည်း ပြီး ဆန်တန်ချိန် ၇ သန်းခန့်သာ တင်ပို့နိုင်ဖွယ်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ အနေဖြင့်မူ ယခင်နှစ်က ထက် ၃၃.၉ ရာခိုင်နှုန်းခန့် တိုးတက်လျက် ဆန်တန်ချိန် ၂၄ သန်းအထိ တင်ပို့နိုင်မည်ဟု ခန့်မှန်းရ ကြောင်း၊ ပါကစ္စတန်၏ ဆန်တင်ပို့နိုင်မှုမှာ ယခင်နှစ်အောက် ၁၅.၃ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၅.၅ သန်းခန့် ရှိနိုင်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည်လည်း ယခင်နှစ် တင်ပို့နိုင်မှုမှ ၂.၇ ရာခိုင်နှုန်းခန့် လျော့နည်းလျက် ဆန်တန်ချိန် ၃.၆ သန်းခန့်သာ တင်ပို့နိုင်ဖွယ်ရှိကြောင်းဖြင့် USDA ၏ ဆန် ဈေးကွက်အလားအလာ ခန့်မှန်းချက်၌ ဖော်ပြထားသည်။
Source: The Nation Thailand, 26 May 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)