ဆန်စပါးညီလာခံ ကျင်းပခြင်းက ပို့ကုန်တိုးမြင့်စေမည်ဟု ထိုင်းမျှော်လင့်

Powered by Drupal

    ထိုင်းနိုင်ငံသည် ၎င်း၏အရည်အသွေးမြင့်မား၍ ထူးကဲကောင်းမွန်သော ဆန်မျိုးစိတ်များကို မြှင့်တင်လျက်ရှိရာ ထိုင်းဆန်စပါးညီလာခံကျင်းပခြင်းဖြင့် ဆန်တန်ချိန် ၁၀၀,၀၀၀ အထိ အဝယ်အမှာစာများ ရရှိပြီး ဘတ်ငွေ ၂ ဘီလီယံကျော် ဝင်ငွေရရှိရန် မျှော်မှန်းထားကြောင်း Bangkok Post သတင်းဌာနက ဖော်ပြပါသည်။

    ဘန်ကောက်မြို့၌ ၂၆-၅-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် ထိုင်းဆန်စပါးညီလာခံတွင် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က အစိုးရအနေဖြင့် ထိုင်းနိုင်ငံ၏ ဆန်စပါးလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အာမခံချက် ပေးထားကြောင်း ပြောကြားခဲ့သည်။

    ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဈေးကွက်လိုအပ်ချက်နှင့်အညီ ဆန်ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အထူးသဖြင့် ထိုင်းစပယ်ဆန်၊ အော်ဂဲနစ်ဆန်၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးစွာ ထုတ်လုပ်ထား သောဆန်၊ ပထဝီဒေသဆိုင်ရာအညွှန်း (GI) အသိအမှတ်ပြုထားသော ဆန်များနှင့် အထူးဆန် အမျိုးအစားများ အပါအဝင် အရည်အသွေးမြင့်မားသော ဆန်အမျိုးအစားများစွာနှင့် ဟလာလ် အစားအစာထုတ်ကုန်များကို မြှင့်တင်သွားရန်ဖြစ်ပြီး ဥရောပသမဂ္ဂ၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်း ဒေသကဲ့သို့သော ဝယ်ယူနိုင်စွမ်းမြင့်မားသည့် ဈေးကွက်များသို့ တင်ပို့ရန် ဦးတည်ထားကြောင်း သိရှိရသည်။

   အဆိုပါ အစီအစဉ်သစ်သည် ထိုင်းနိုင်ငံအား ကမ္ဘာ့မီးဖိုချောင်အဖြစ် မြှင့်တင်ရေး မူဝါဒနှင့်အညီ စားနပ်ရိက္ခာဖူလုံရေး စိန်ခေါ်မှုများကို ဖြေရှင်းရန်ရည်ရွယ်ထားသည်။ ထိုင်းဆန်စပါး ညီလာခံသည် ထိုင်းဆန်တင်ပို့သူများနှင့် တင်သွင်းသူများအကြား ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှု စင်္ကြန်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာအနှံ့ အဓိက ဆန်တင်သွင်းသူများနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် အမှာစာပမာဏသည် တန်ချိန် ၁၀၀,၀၀၀ ကျော်ရှိ မည်ဟု ခန့်မှန်းရပြီး ဘတ်ငွေ ၂ ဘီလီယံကျော် ဝင်ငွေရရှိမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၇.၅ သန်း တင်ပို့နိုင် ရန် ရည်မှန်းချက်ကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း Mr Pichai က ပြောကြား ခဲ့သည်။

    ထိုင်းဆန်တင်ပို့သူများ အသင်းချုပ် ဥက္ကဋ္ဌ Charoen Laothamatas က အမေရိကန်၏ အပြန်အလှန်ကုန်သွယ်ခွန် စည်းကြပ်မှုများသည် အမေရိကန်ရှိ ဆန်တင်သွင်းသူများအား အာရှ နိုင်ငံများမှ ဆန်များကိုဝယ်ယူရန် စဉ်းစားလာနိုင်စေသောကြောင့် ထိုင်းဆန်တင်ပို့မှုများအပေါ် သိသာသောစိန်ခေါ်မှုကို ဖန်တီးလိမ့်မည်မဟုတ်ကြောင်း ၎င်းအနေဖြင့် အိန္ဒိယနိုင်ငံ၏ ဆန် ဈေးကွက်သို့ ပြန်လည်ခြေချလာမှုအပေါ် ပိုမိုစိုးရိမ်နေကြောင်း ဖော်ပြခဲ့သည်။

    ကမ္ဘာ့ဆန်ထုတ်လုပ်မှုအခြေအနေ မြင့်တက်လာချိန် အထူးသဖြင့် အိန္ဒိယနိုင်ငံ၏ နှစ် ၅၀ အတွင်း ပမာဏအများဆုံးအဖြစ် ဆန်တန်ချိန် ၁၄၀ သန်းအထိ စံချိန်တင် ထုတ်လုပ်နိုင်ချိန်တွင် အင်ဒိုနီးရှားကဲ့သို့သော အဓိကဝယ်ယူသည့်နိုင်ငံများသည် ထုတ်လုပ်မှုပိုလျှံခြင်းနှင့် ဝယ်လိုအား ကျဆင်းလာခြင်းတို့ကြောင့် ယခုနှစ်၌ ဆန်တင်သွင်းရန် မလိုအပ်သည့် အခြေအနေဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ စိန်ခေါ်မှုများရှိသော်လည်း ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်အတွက် ဆန်တန်ချိန် ၇.၅ သန်း တင်ပို့ရောင်းချရန် ရည်မှန်းချက်ကို အောင်မြင်နိုင်မည်ဟု Mr Charoen က ယုံကြည်လျက် ရှိသည်။ သို့သော်လည်း အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု မူဝါဒများနှင့် ထိုင်းဘတ်ငွေတန်ဖိုး ပြန်လည် အားကောင်းလာမှုတို့ကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံသည် ယခုနှစ် ပထမ ၄ လအတွင်း ဆန်တန်ချိန် ၂.၄ သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ကာလတူပမာဏနှင့် နှိုင်းယှဉ်ပါက ၃၀% ကျဆင်းခဲ့ပြီး ကာလတူတန်ဖိုးနှင့်နှိုင်းယှဉ်ပါက ပို့ ကုန်တန်ဖိုးအားဖြင့် ၃၄% ကျဆင်းလျက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံသာ ရရှိခဲ့သည်။

    ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက အဆိုပါကာလအတွင်း ဆန်ဖြူတင်ပို့မှုမှာ တန်ချိန် ၉၈၆,၀၀၀ ဖြင့် ၅၁% ကျဆင်းခဲ့ပြီး ဆန်ကွဲဖြူတင်ပို့မှုမှာ တန်ချိန် ၁၂၇,၀၀၀ ဖြင့် ၄၀% ကျဆင်းခဲ့ ကြောင်း၊ ကောက်ညှင်းဆန်တင်ပို့မှုမှာ တန်ချိန် ၈၈,၀၀၀ ဖြင့် ၁၅% ကျဆင်းခဲ့သော်လည်း ဟုမ်း မာလီဆန် တင်ပို့မှုမှာ တန်ချိန် ၅၉၀,၀၀၀ ဖြင့် ၃% မြင့်တက်ခဲ့ကြောင်း၊ ဟုမ်းမာလီဆန်ကွဲ တင်ပို့မှုမှာ တန်ချိန် ၁၈၂,၀၀၀ အထိ ၄% မြင့်တက်ခဲ့ပြီး ပေါင်းဆန်တင်ပို့မှုမှာလည်း တန်ချိန် ၃၆၅,၀၀၀ အထိ ၁၄% မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

Source: Bangkok Post, 27 May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)