စားအုန်းဆီကြမ်းသည် ပဲပုပ်ဆီထက် ဈေးနှုန်းများလျော့နည်းနေမည်ဟု မလေးရှား ထိပ်တန်း ကုမ္ပဏီ ပြောကြား

Powered by Drupal

    မလေးရှားနိုင်ငံရှိ စိုက်ဧကအလိုက် ကမ္ဘာ့ အများဆုံး စားအုန်းဆီ ထုတ်လုပ်သူ SD Guthrie Bhd ကုမ္ပဏီက လက်ရှိ စားအုန်းဆီကြမ်း (CPO) လျှော့စျေးနှုန်းဖြစ်ပေါ်မှုသည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့၌ ထုတ်လုပ်မှုမြင့်မားခြင်းကြောင့်ဖြစ်ပြီး မဝေးတော့သောကာလတွင်လည်း လျှော့ဈေးနှုန်း ဆက်ရှိနေနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်ကို The Edge Malaysia သတင်း ဌာနက မေလ ၂၆ ရက်နေ့တွင် ဖော်ပြထားသည်။

   အင်ဒိုနီးရှား၏ စားအုန်းဆီထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၅၈၉,၉၇၈ စံချိန်တင် မြင့်တက်ခဲ့ရာမှ ယခုနှစ်တွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု SD Guthrie Bhd ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ Mr. Datuk Mohamad Helmy Othman Basha က ခန့်မှန်း ပြောကြားခဲ့သည်။ အလားတူ ပိုမိုကောင်းမွန်သော ရာသီဥတုအခြေအနေကြောင့် မလေးရှားနိုင်ငံ ၏ ထုတ်လုပ်မှုသည်လည်း ယခင်နှစ်၌ တန်ချိန် ၁.၀၈ သန်းထိ ပိုပိုခဲ့ရာမှ ယခုနှစ် ၁ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

      ရှေ့လာမည့် အနီးကပ် အနာဂတ်ကာလတွင် စားအုန်းဆီကြမ်းကို ပရီမီယံစားသုံးဆီ ဖြစ်သည့် ပဲပုပ်ဆီထက် ဈေးနှုန်းမြင့်တက်၍ ရောင်းဝယ်ဖောက်ကားမှု မရှိနိုင်ကြောင်း SD Guthrie Bhd ကုမ္ပဏီ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးအပြီးတွင် Mr. Datuk က The Edge သို့ ပြောကြားခဲ့ကြောင်း သိရသည်။

      ၂၀၂၄ ခုနှစ်၌ ခြွင်းချက်တစ်ခုအဖြစ် စားအုန်းဆီကြမ်းကို ရောင်းလိုအား ပြတ်တောက်မှု ကြောင့် ပဲပုပ်ဆီထက် ပရီမီယံဈေးနှုန်းအထိ ပုံမှန်မဟုတ်ဘဲ အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း၊  ထုတ်လုပ်သူအနေဖြင့် စျေးနှုန်းများမြင့်နေမှုက အကျိုးရရှိစေသော်လည်း စားအုန်းဆီကြမ်းသည် ပဲပုပ်ဆီထက် အမေရိကန်ဒေါ်လာ ၅၀ (မလေးရှားရင်းဂစ် ၂၁၀.၉၅) မှ ဒေါ်လာ ၁၀၀ အထိ ပိုမိုပြီး ပရီမီယံဈေးနှုန်းအထိ မြင့်မားလာသောအခါ ဝယ်သူများက စျေးသက်သာသော အခြားရွေးချယ် စရာ စားသုံးဆီများကို ပြောင်းလဲဝယ်ယူလာကြကြောင်း၊  အထူးသဖြင့် အိန္ဒိယကဲ့သို့ ဈေးနှုန်းကို အလေးထား ဝယ်ယူသည့်စျေးကွက်များရှိ ဝယ်လက်များသည် စားအုန်းဆီကြမ်းကို ဝယ်ယူခြင်း မပြုတော့ဘဲ ဈေးသက်သာသော အခြားစားသုံးဆီများကို ဦးစားပေးပြီး ပြောင်းလဲဝယ်ယူမှုရှိခဲ့ကြောင်း Mr. Datuk က ဆက်လက်ပြောကြားခဲ့သည်။

    ကမ္ဘာ့အဆင့် အပေါများဆုံး စားသုံးဆီတစ်မျိုးဖြစ်သည့် စားအုန်းဆီသည် ဆီကြမ်းကိုပင် ပရီမီယံဈေးနှုန်းဖြင့် ရောင်းဝယ်သောအခါ  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ၅ လတာ ကာလကုန်ဆုံးသည့်နောက်ပိုင်း ၂၀၂၄ ခုနှစ်၊ ဧပြီလအစောပိုင်းကတည်းက ပဲပုပ်ဆီထက် ဈေးနှုန်းလျှော့စျေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

    ယင်းသို့ ၅ လတာ ဈေးနှုန်းမြင့်တက်ရခြင်း အကြောင်းအရင်းများမှာ အဓိက ထုတ်လုပ် သည့်နိုင်ငံများ၌ ရေလွှမ်းမိုးမှုများကြောင့် ရောင်းလိုအား ပြတ်တောက်မှုများအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်ခြင်းနှင့် အင်ဒိုနီးရှားအစိုးရ၏ စားအုန်းဆီအချိုးစား ၄၀ ရာခိုင်နှုန်းအထိ ရောနှော အသုံးပြု သည့် ဇီဝဒီဇယ်ဆီ ထုတ်လုပ်ခွင့်ပြုရန် ဆုံးဖြတ်ချက်တို့ကြောင့်ဖြစ်ပြီး ဈေးနှုန်းမြင့်တက်ခြင်းကို တွန်းအားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

    Bloomberg ဈေးကွက်သတင်း အချက်အလက်အရ ပရီမီယံစားသုံးဆီဖြစ်သည့် ပဲပုပ်ဆီ သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် စားအုန်းဆီထက် အမေရိကန်ဒေါ်လာ ၂၅၀ ပိုမိုမှု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ယခုနှစ် မေ ၁၃ ရက်နေ့တွင် စားအုန်းဆီထက် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂၄၂ ဒေါ်လာဝန်းကျင်အထိ ပိုမိုမြင့်မားလာခဲ့ရာ အမြင့်ဆုံးသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

    မေလ ၂၆ ရက်နေ့တွင် ပဲပုပ်ဆီသည် စားအုန်းဆီထက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၈၇ ဝန်းကျင် ဈေးနှုန်းပိုမိုလျက်ရှိသည်။ ပဲပုပ်ဆီသည် စားအုန်းဆီထက် စျေးသက်သာခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ခန့်နှင့် ဒီဇင်ဘာလတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၀၀ ခန့် ဈေးနှုန်း လျော့နည်းပြီး အရောင်းအဝယ်ဖြစ်ခဲ့သည့် ကာလနှင့် လက်ရှိအချိန်တွင် ကွာခြားလျက်ရှိပါကြောင်း၊  ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လ အတွင်းတွင် တစ်တန်လျှင် ၁၅ ဒေါ်လာမှ ၁၄၃ ဒေါ်လာအထိသာ စားအုန်းဆီဈေးနှုန်းနှင့် ခြားနားမှုရှိခဲ့ကြောင်း သိရပါသည်။

    Bloomberg မှ ကောက်ယူခဲ့သော အချက်အလက်များအရ စားအုန်းဆီကြမ်း ကြိုပွိုင့် ရောင်းဈေးနှုူန်းသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် တစ်တန်လျှင် ရင်းဂစ် ၄,၄၆၃ ဖြင့် အထွတ်အထိပ်သို့ရောက်ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ် မေလ ၂၆ ရက်နေ့တွင် တစ်တန်လျှင် ရင်းဂစ် ၃,၈၁၉ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၁၄ ရာခိုင်နှုန်းကျော် ဈေးနှုန်းကျဆင်းသွားခဲ့ကြောင်း၊  ယခုနှစ်ကုန်တွင် ပျမ်းမျှစားအုန်းဆီကြမ်းဈေးနှုန်းသည် တစ်တန်လျှင် ရင်းဂစ် ၃,၉၀၀ ဝန်းကျင်သို့ ရောက်ရှိမည်ဟု SD Guthrie Bhd ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ Mr. Datuk Mohamad Helmy Othman Basha က မျှော်လင့်ထားကြောင်း သတင်းရရှိပါသည်။

Source: The Edge Malaysia, 26th May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)