
၂၀၂၅ ခုနှစ်၏ ပထမ ၄ လတကာကာလတွင် ကမ္ဘောဒီးယား၏ ကျောက်မြတ်ရတနာ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၄၄ သန်းကျော်တန်ဖိုးရှိခဲ့ကြောင်း ဒုတိယ ဝန်ကြီးချုပ် Sok Chenda Sophea က ပြောကြားခဲ့ပါသည်။ ထိုအကြောင်းကို Sophea က ကမ္ဘောဒီးယားနိုင်ငံကျောက်မြတ်ရတနာကုန်သည်များအသင်း(CGJTA) က ဖနွမ်းပင်မြို့တွင် မေလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ထိကျင်းပခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံတကာကျောက်မြတ် ရတနာပြပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုအခမ်းအနားကို CGJTA ဥက္ကဌ Nget Srey Oun နှင့် များစွာသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်း သိရပါသည်။ ဒုတိယဝန်ကြီးချုပ်က ပြည်တွင်းနှင့်နိုင်ငံတကာနှစ်ခုလုံးတွင် ကမ္ဘောဒီးယား၏ ကျောက်မြတ် ရတနာကဏ္ဍကြီးထွားမှုမြှင့်တင်ရာတွင် အသင်း၏တက်ကြွသောအခန်းကဏ္ဍကို အမွှမ်းတင်ပြောကြားခဲ့ပြီး နိုင်ငံတကာပြပွဲများကြီးမှူးကျင်းပခြင်းအားဖြင့် အသင်းသည် အစိုးရကို တိုက်ရိုက်နှင့် သွယ်ဝိုက်ပံ့ပိုးပေးနေကြောင်း ပြောကြားခဲ့ပါသည်။ အခမ်းအနားသည် ပြည်တွင်းနှင့် နိုင်ငံတကာလုပ်ငန်းရှင်များအတွက် ဆန်းသစ်တီထွင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျောက်မြတ် ရတနာပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်ရန်အတွက် တန်ဖိုးရှိသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါသည်။ အသင်းသည် လွန်ခဲ့သည့်နှစ်များ အတွင်း ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် အိန္ဒိယတို့မှ ကျောက်မြတ်ရတနာအသင်းများနှင့် နားလည်မှုသဝဏ်လွှာ ၂၄၀ ခုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် နိုင်ငံ၏ ကျောက်မြတ်ရတနာ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၈၈ သန်းရှိပြီး ၂၀၂၃ ခုနှစ် ကထက် ၃၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုသို့ကျဆင်းခဲ့သော်လည်း တာဝန်ရှိ သူများသည် နာလံပြန်ထူရေးကြိုးပမ်းအားထုတ်မှုများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ များကြောင့် ဆက်လက်အကောင်းမြင်သုံးသပ်လျှက်ရှိကြောင်း သိရပါသည်။ သို့သော် လတ်တလော ပထဝီနိုင်ငံရေးတင်းမာမှုများ၊ စစ်ပွဲများ၊ ရာသီဥတုပြောင်းလဲမှုများနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် Sophea က လုပ်ငန်းရှင်များ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအသင်းများအား ကမ္ဘောဒီးယား၏ ပို့ကုန်အလားအလာအရှိန်မြှင့်တင်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။
Khmer Times
DOCA (ရန်ကုန်)