ပြည်တွင်း ပဲမျိုးစုံဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန်နှင့် ရောင်းလိုအား လုံလောက်မှုရှိစေရန် ရည်ရွယ်လျက် မေလ ၃၁ ရက်နေ့တွင် အိန္ဒိယအစိုးရသည် စားတော်ပဲများ အကောက်ခွန် ကင်းလွတ်သက်သာခွင့်ဖြင့် တင်သွင်းခွင့်ပြုသည့် ကာလကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ခဲ့ပါသည်။
အိန္ဒိယ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) ၏ အမိန့်ထုတ်ပြန်ချက်အရ သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် အနိမ့်ဆုံးသွင်းကုန်ဈေးနှုန်းနှင့် တင်သွင်းရမည့်ဆိပ်ကမ်း သတ်မှတ်ချက် တစ်စုံတစ်ရာမျှမရှိပဲ တင်သွင်းခွင့်ကာလမကုန်မီ သို့မဟုတ် အဆိုပါနောက်ဆုံးနေ့ ရက်စွဲဖြင့် ကုန်တင်ပို့လွှာ (bill of lading) အထောက်အထားကို တင်ပြလျက် စားတော်ပဲဝါများကို တင်သွင်းခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
အစိုးရ၏ ဖြေလျှော့ပေးသော မူဝါဒသည် ပဲမျိုးစုံဈေးကွက်အတွင်း အထူးသဖြင့် ပဲစင်းငုံနှင့် အခြားအရေးပါသည့် ပဲမျိုးများ၏ ရောင်းလိုအား ကန့်သတ်ချက်ရှိနေချိန်၌ ဈေးနှုန်းမတည်ငြိမ်မှု ကို စီမံထိန်းသိမ်းရာတွင် အထောက်အကူပြုမည်ဟု မျှော်လင့်ရသည်။ ယခုပြဋ္ဌာန်းချက်အောက်၌ တင်သွင်းမှုများ အားလုံးသည် သွင်းကုန်စောင့်ကြည့်ကြပ်မတ်မှု အွန်လိုင်းစနစ်တွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်သည်။
အိန္ဒိယအစိုးရသည် စားတော်ပဲဝါ အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်၍ အမိန့်ကြော်ငြာစာထုတ်ပြန်လျက် ကာလအပိုင်းအခြား သတ် မှတ်ချက်ဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုကြေညာချက် ထုတ်ပြန်သည်အထိ ၇ ကြိမ်တိုင် သက်တမ်းတိုး မြှင့်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် မတ်လ ၁၀ ရက်နေ့၌ နောက်ဆုံးအကြိမ် သက်တမ်းတိုးမြှင့်မှုမှာ မေလ ၃၁ ရက်နေ့ အထိ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏ ဥက္ကဋ္ဌ Bimal Kothari ကမူ အစိုးရ၏ စားတော်ပဲဝါ အကောက်ခွန်လွတ်တင်သွင်းခွင့်ကာလ တိုးမြှင့်ပေးရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုသည် အိန္ဒိယလယ်သမားများအပေါ် ဆိုးကျိုးသက်ရောက်နိုင်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။ ယခုကဲ့ သို့ ကာလရှည်ကြာစွာ တင်သွင်းခွင့်ပြုခြင်းသည် ကုလားပဲစိုက်ပျိုးသော တောင်သူများအား ၎င်းတို့ ၏ လယ်ယာမြေများ၌ တိုးချဲ့စိုက်လိုမှုကို နည်းပါးစေမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်းထုတ် လုပ်မှု တိုးတက်ရေး ဆွဲဆောင်သိမ်းသွင်းမှုများကို လျော့ကျစေပြီး အစိုးရ၏ ကိုယ်ပိုင်ထုတ်လုပ်မှု စွမ်းအားဖြင့် ပဲမျိုးစုံ ဖူလုံမှုရရှိရေး မျှော်မှန်းချက်ကိုလည်း ထိခိုက်စေနိုင်ကြောင်း ၎င်းက ပြောဆို ခဲ့သည်။
အိန္ဒိယအစိုးရသည် ပြည်တွင်းထုတ်လုပ်မှုဖြင့် ပဲမျိုးစုံဖူလုံစေရေး မျှော်မှန်းချက်ကို ချမှတ်ထားပြီး ရှေ့လာမည့် ၆ နှစ်တာ ကာလအတွင်း ရန်ပုံငွေ ရူပီးကုဋေ ၁၀၀၀ ကို ကျခံသုံးစွဲလျက် အကောင်အထည်ဖော်ဆောင်ရန် စီစဉ်ထားကြောင်း Mint သတင်းဌာနက ဖော်ပြထားသည်။
Source: Mint, 31 May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)