အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အိမ်နီးချင်း မလေးရှားနိုင်ငံသို့ တစ်လလျှင် ဆန်တန်ချိန် ၂၀၀၀ ကို ၎င်းနှင့် နယ်နိမိတ် အနီးကပ်ဆုံးဖြစ်သော West Kalimantan ပြည်နယ်မှ အဓိကရယူ တင်ပို့ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Amran Sulaiman က မေ ၃၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ရာ၌ မလေးရှားနိုင်ငံနှင့် ဆန်တင်ပို့မှုသဘောတူညီချက်ကို စီးပွားရေးလုပ်ငန်းရှင် အချင်း ချင်း အကြား (B2B) ချိတ်ဆက်မှုစနစ်အပေါ် အခြေခံ၍ လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ဆန်ကို West Kalimantan ပြည်နယ်တစ်ခုတည်းမှ တင်ပို့ခြင်းမဟုတ်ပဲ မလေးရှားနိုင်ငံနှင့် ထိစပ်လျက်ရှိသော အခြားဒေသများမှ ကုမ္ပဏီများသည်လည်း တင်ပို့မှုတွင် ပါဝင်နိုင်ကြောင်း၊ ဆန်တင်ပို့မှု စတင်မည့် နေ့ရက်ကို ပါဝင်ဆောင်ရွက်သည့် ပို့ကုန်လုပ်ငန်းရှင်များကသာ ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဆန်တင်ပို့သူများသည် အလယ်အလတ်မှ ပရီမီယံထိပ်တန်း အရည်အသွေးရှိသော မည် သည့် ဆန်အမျိုးအစားကိုမဆို တင်ပို့နိုင်ကြောင်း၊ သို့သော် ပြည်တွင်းဆန်လိုအပ်ချက် ပြည့်မီရေး သည် အစိုးရ၏ ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှား အနေဖြင့် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများသို့လည်း ဆန်ထောက်ပံ့ရန် အသင့်ရှိကြောင်းနှင့် ဆန်လိုအပ်နေသည့် အိမ်နီးချင်းနိုင်ငံများအတွက် ထောက်ပံ့နိုင်ရေးပြင်ဆင်ထားရန် သမ္မတ Prabowo Subianto ကလည်း ညွှန်ကြားထားပါကြောင်းဖြင့် Mr. Sulaiman က ဆက်လက်ပြော ကြားခဲ့ပါသည်။
သမ္မတ Prabowo သည် အဆိုပါ ဆန်တင်ပို့မည့်အစီအစဉ်ကို အတည်ပြုထားပြီးဖြစ်သည် ဟု စိုက်ပျိုးရေးဒုတိယဝန်ကြီး Sudaryono က မေ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။ မလေးရှား ကုမ္ပဏီများဘက်မှ တစ်လလျှင် ဆန်တန်ချိန် ၂၀၀၀ ကို ဝယ်ယူလိုကြောင်း အဆိုပြုထားသော် လည်း ၎င်းပမာဏသည် အင်ဒိုနီးရှား၏ ထောက်ပံ့နိုင်စွမ်းအပေါ် မူတည်၍ ပြောင်းလဲနိုင်ကြောင်း၊ ထိုသို့ ဆန်တင်ပို့ရန်ကိစ္စနှင့်ပတ်သက်၍ မလေးရှားနိုင်ငံနှင့် ဆွေးနွေးထားပြီးဖြစ်ကြောင်း၊ ယခု အခါ အင်ဒိုနီးရှားနိုင်ငံသည် ဆန်တင်ပို့မှု မစတင်မီ မလေးရှားဘက်မှ ဆန်တင်ပို့မှုလုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းစနစ်နှင့် တရားဝင်အတည်ပြုချက်တို့ကို ရရှိရန် စောင့်ဆိုင်းနေကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ Bulog သည် မေ ၃၀ ရက်နေ့အထိ ပြည်တွင်းရှိ တောင်သူများထံမှ ဆန်တန်ချိန် ၂.၄ သန်းခန့်ကို ဝယ်ယူထားရှိပြီး လက်ရှိကာလတွင် နိုင်ငံတော် အရန်ဆန်သိုလှောင်မှုမှာ တန်ချိန် ၄ သန်းကျော် ရှိကြောင်း သိရှိရပါသည်။
Source: Antara News, 30 May 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)