နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီချက် အသစ်တစ်ရပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းမှု များ၏ တစ်စိတ်တစ်ဒေသအဖြစ် ဗီယက်နမ်ကုမ္ပဏီများသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိသော အမေရိကန် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များကို ဝယ်ယူရန်အတွက် အမေရိကန်ဘက်မှ မိတ်ဖက်များနှင့် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးဝန်ကြီးဌာနက ဇွန် ၃ ရက်နေ့တွင် ကြေညာခဲ့သည်။
သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရသည် ဗီယက်နမ်ထံမှ တင်သွင်း သည့် ကုန်စည်များအပေါ် သွင်းကုန်အခွန် ၄၆ ရာခိုင်နှုန်းအထိ စည်းကြပ်မည့် အပြန်အလှန် အကောက်ခွန် မူဝါဒကို ချမှတ်ထားသည်။ အဆိုပါ မူဝါဒ အကောင်အထည်ဖော်ခြင်းကို ဇူလိုင်လ အထိ ယာယီရွှေ့ဆိုင်းထားသော်လည်း အကယ်၍ အခွန်စည်းကြပ်မှုများ အာဏာသက်ရောက်ပါက ဗီယက်နမ်၏ အဓိကပို့ကုန်ဈေးကွက်ဖြစ်သည့် အမေရိကန်သို့ တင်ပို့မှုအပေါ် အခြေခံနေသော စီးပွားရေးကြီးထွားမှုပုံစံကို ကြီးမားစွာ ထိခိုက်စေနိုင်ကြောင်း သိရှိရသည်။
ဗီယက်နမ်စိုက်ပျိုးရေးဝန်ကြီး Do Duc Duy ဦးဆောင်လျက် ဗီယက်နမ်ကုမ္ပဏီ ၅၀ မှ ကိုယ် စားလှယ်များပါဝင်သော အဖွဲ့၏ အမေရိကန်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် သဘောတူ ညီချက်များတွင် ၃ နှစ်အတွင်း အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်မှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိသော ကုန်ပစ္စည်းများကို ဝယ်ယူမည့် နားလည်မှုစာချွန်လွှာ (MOU) ၅ စောင် ပါဝင် ကြောင်း၊ အိုင်အိုဝါပြည်နယ်နှင့် ချုပ်ဆိုသည့် MOU များတွင် ပြောင်း၊ ဂျုံ၊ အခြောက်ခံကဇော်ဖတ် နှင့် ပဲပုပ်ဆီကြိတ်ဖတ် ဝယ်ယူမှုများ ပါဝင်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချနိုင်ရေး အမေရိကန်သွင်းကုန်များအား ပိုမိုခွင့်ပြုရန် ဗီယက်နမ်ဘက်မှ ကတိကဝတ်ပေးမှုနှင့်အတူ ဗီယက်နမ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့သည် ကုန်သွယ်ရေး သဘောတူညီချက်များအပေါ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။ ယခင်နှစ်၌ ဗီယက်နမ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် အမေရိကန်နိုင်ငံအနေဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာသည် ၁၂၃ ဘီလီယံရှိခဲ့ကြောင်း သိရှိရသည်။
ဗီယက်နမ်နိုင်ငံသည် ယခင်နှစ်တွင် အမေရိကန်နိုင်ငံထံမှ ဒေါ်လာ ၃.၄ ဘီလီယံတန်ဖိုးရှိ သော လယ်ယာထွက်ကုန်များကို ဝယ်ယူခဲ့ပြီး ၎င်း၏ ကိုယ်ပိုင်စိုက်ပျိုးရေးထုတ်ကုန်များကို အမေရိကန်နိုင်ငံသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၃.၆၈ ဘီလီယံ ရှိခဲ့ကြောင်း Vietnam News Agency က ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံသည် Boeing လေယာဉ်များနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) အပါအဝင် အခြားသော အမေရိကန်ထုတ်ကုန်များကိုလည်း ဝယ်ယူရန် ကတိပြုထားသည်။ ဗီယက်နမ်နိုင်ငံ သည် အတုအပပစ္စည်းများနှင့် ဒီဂျစ်တယ်မူပိုင်ခွင့် ချိုးဖောက်မှုများအတွက် အဓိက ဗဟိုချက်မ တစ်ခုအဖြစ် တည်ရှိနေသည်ဟု အမေရိကန်ဘက်မှ စွပ်စွဲပြောဆိုမှု ဖြစ်ပေါ်ခဲ့အပြီးတွင် ထိုသို့ သော တရားမဝင်လုပ်ဆောင်မှုများကို ပြင်းထန်စွာ နှိမ်နင်းရန် ဗီယက်နမ်နိုင်ငံက ကတိပြုထား သည်။
Source: The Business Times, 3 June 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)