ချင်းပြည်နယ်တွင် ချင်းလူမျိုးတို့၏ ရိုးရာအစားအစာအဖြစ် ဆာဗူးသီးသည် ယခုအခါ ချင်းတိုင်းရင်းသားများသာမက အခြားတိုင်းရင်းသားများကပင် အဆာပြေအဖြစ် စားသုံးမှုပိုမို များလာသည့် အစားအစာတစ်မျိုးဖြစ်ပါသည်။
ဆာဗူးသီးစားသုံးသောဓလေ့မျာ တစ်နေရာနှင့် တစ်နေရာ အခေါ်ဝေါ်ခြင်း မတူညီကြပေ။ တီးတိန်စကားဖြင့် ဘိုင်မကျင်း ဟုသော်လည်းကောင်း၊ ချင်းတောင်ပိုင်းဒေသ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ပလက်ဝဒေသများတွင် ဒေတွီဟုလည်းကောင်း၊ ဟားခါးစကားဖြင့် ဆာဗူးသီးဟု အမျိုးမျိုးခေါ်ဝေါ်ကြကြောင်း လေ့လာသိရှိရပါသည်။
ပထဝီအနေအထားအရ ချင်းတောင်ဒေသများတွင် ရှေးအခါက ဆန်စပါးထက် ပြောင်းသီးနှံကို ပိုမိုစိုက်ပျိုးကြပြီး ပြောင်းဖူးနှင့်ဆက်နွှယ်သော အစားအစာများ ပေါ်ပေါက်ခဲ့လာခဲ့ခြင်း ဖြစ်ပါသည်။
ဆာဗူးသီးချက်ပြုတ်ရန်အတွက် ပြောင်းဖူးဆံခြောက်များကို သစ်သားဆုံကြီးများဖြင့် ထောင်းကာ အခွံချွတ်ရပြီး ရရှိသည့် ပြောင်းဖူးကြမ်းအဆံများကို အသား၊ ရေတို့ဖြင့် ရောပြုတ်ကာ ဟင်းခတ်မှုန့်မပါသော်လည်း ပြောင်းဖူးပြုတ်ရည်ပျစ်ပျစ်၏ ချိုဆိမ့်သောအရသာနှင့် အသား၏ အချိုဓါတ်တို့ဖြင့် သဘာဝ အစားအစာတစ်မျိုးဖြစ်ပါသည်။ ယင်းဆာဗူးသီး စားသုံးရာတွင် ငရုတ်သီးထောင်းမှာ မပါမဖြစ် တွဲဖက်လျက် စားသောက်ကြပြီး အသားခြောက်ကြော်နှင့် တွဲဖက်စားသောက်လေ့ ရှိကြပါသည်။ ဆာဗူးသီး ပွဲကြီးတစ်ပွဲလျင် ( ၈၀၀ ) ကျပ်နှင့် ပုံမှန်ပွဲ တစ်ပွဲလျှင် ( ၅၀၀ ) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။
ယခုအခါတွင် ဆာဗူးသီးကို မိမိစိတ်တိုင်းကျ ချို၊ ချဉ်၊ ငံ၊ စပ် အရသာအဖြစ် ရောစပ်စားကြပြီး ချင်းရိုးရာအစားအစာအဖြစ် စားသုံးမှုပိုများပြီး ချင်းပြည်နယ် တစ်ခုတည်းသာမက မြေပြန့်ဒေသများနှင့် အောက်ပိုင်းဒေသများတွင်ပါ စားသုံးမှုပိုများကြောင်း သိရသည်။ ဒေသ အစားအစာတစ်မျိုးဖြစ်၍ ချင်းပြည်နယ်တွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ရောင်းအားကောင်းပြီး ဝင်ငွေရရှိနေသောကြောင့် ဆာဗူးသီး ချတ်ပြုတ် ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)