
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ် ပထမလေးလပတ်တွင် ကန်ဒေါ်လာ ၅.၉ ဘီလီယံရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ကန်ဒေါ်လာ ၅.၆၄ ဘီလီယံမှ ၄.၆ ရာခိုင်နှုန်း တိုးလာကြောင်း ဇွန်လ ၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း အခြားအာဆီယံ နိုင်ငံများသို့ ကုန်ပစ္စည်းစုစုပေါင်း ဒေါ်လာ ၂.၃၅ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး ယမန်နှစ် အလားတူ ကာလထက် ကန်ဒေါ်လာ ၂.၁၉ ဘီလီယံမှ ၇.၃ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်နှင့် ယစ်မျိုးဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် အာဆီယံနိုင်ငံများ၏ စုစုပေါင်းသွင်းကုန်ပမာဏမှာ ဒေါ်လာ ၃.၅၅ ဘီလီယံရှိပြီး ဒေါ်လာ ၃.၄၅ ဘီလီယံမှ ၂.၉ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ အာဆီယံနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုပမာဏ သည် ၂၀၂၅ ခုနှစ် ပထမလေးလပတ်အတွင်း နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၂၉.၉ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာက ဆိုသည်။ အာဆီယံတွင် ကမ္ဘောဒီးယား၏ ထိပ်တန်း ကုန်သွယ်ဖက်ငါးနိုင်ငံမှာ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် မလေးရှားတို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံနိုင်ငံသို့ တင်ပို့သည့် အဓိက ကုန်ပစ္စည်းများမှာ အထည်ချုပ်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်းများ၊ ဆိုလာပြားများ၊ လျှပ်စစ်ပစ္စည်း များ၊ မော်တော်ယာဉ်နှင့် စက်ဘီးများအတွက်အပိုပစ္စည်းများ၊ ဆန်နှင့် သီဟိုဠ်စေ့ စသည့် လယ်ယာထွက်ကုန်များ ပါဝင်သည်။ အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က မကြာသေးမီက ကျင်းပခဲ့ သော ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေး ထိပ်သီးအစည်းအဝေးတွင် အာဆီယံသည် တည်ငြိမ်မှုနှင့် သာယာဝပြောမှု၏ မီးရှူးတန်ဆောင်အဖြစ် ရပ်တည်ခဲ့ပြီး ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံး စီးပွားရေးနိုင်ငံအဖြစ် ၎င်း၏ အဆင့်အတန်းကို မီးမောင်းထိုးပြပြီး ကြီးမားသော အလားအလာရှိကြောင်း ပြောကြားခဲ့သည်။ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်သည် ဒေသတွင်း ပေါင်းစည်းမှုကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်ရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးကို မြှင့်တင်ရန် အာဆီယံ၏ မယိမ်းမယိုင်သော ကတိကဝတ်ကို ပိုမိုခိုင်မာစေကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)