အမေရိကန်၏ ဇီဝဒီဇယ်ဆီသုံးစွဲမည့် အစီအမံက စားအုန်းဆီဈေးနှုန်းကို ရင်းဂစ် ၄၀၀၀ အထက် သို့ မြင့်တက်စေ

Powered by Drupal

     အမေရိကန်နိုင်ငံ၌ ရှေ့လာမည့်နှစ်တွင် ပဲပုပ်ဆီကို ဓာတ်ဆီ၊ ဒီဇယ်တို့နှင့် ရောနှော၍ ဇီဝလောင်စာဆီများအဖြစ် စံချိန်တင်ပမာဏတစ်ခုအထိ အသုံးပြုရေး ဆီသန့်စင်သည့်လုပ်ငန်းရှင် များအား ခွင့်ပြုပေးရန် အစိုးရက အဆိုပြုခဲ့ခြင်းကြောင့် ပဲပုပ်ဆီဈေးနှုန်း မြင့်တက်မှု၏ နောက်သို့ လိုက်ပါလျက် စားအုန်းဆီဈေးနှုန်းများသည်လည်း တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၀၀၀ နှုန်း၏ အထက်သို့ ခုန်တက်ခဲ့သည်ဟု The Edge Malaysia သတင်းဌာနက ဖော်ပြထားသည်။

   ဇွန်လ ၁၃ ရက်နေ့တွင် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီက တင်ပြခဲ့သော နှစ်ကြာရှည်စွာစောင့်ဆိုင်းခဲ့ရသည့် အဆိုပါအစီအစဉ်သည် အမေရိကန်၏ ဇီဝလောင်စာဆီ ထုတ် လုပ်မှုကို မြှင့်တင်ရန်နှင့် လောင်စာဆီတင်သွင်းမှုကို လျှော့ချရန် ရည်ရွယ်ကြောင်း၊  ဆီသန့်စင်ရေး လုပ်ငန်းရှင်များအနေဖြင့် သမားရိုးကျ ဒီဇယ်၊ ဓာတ်ဆီတို့နှင့် ရောနှောပြီး ဇီဝလောင်စာဆီ ထုတ် လုပ်ရန်အတွက် ပဲပုပ်ဆီ ဂါလံပေါင်း ၂၄.၀၂ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်းနှင့် ၎င်းပမာဏသည် ၂၀၂၅ ခုနှစ်အတွက် လျာထားသည့်ပမာဏထက် ၈ ရာခိုင်နှုန်းမြင့်မားပြီး လေ့လာသူအများအပြား က မျှော်လင့်ထားသည်ထက် ပိုမိုများပြားနေကြောင်း သိရှိရပါသည်။

   ဇီဝဒီဇယ်ဆီ ထုတ်လုပ်ရန်ခွင့်ပြုချက်သည် အမေရိကန်နိုင်ငံ၏ စားသုံးဆီသုံးစွဲမှု ရေရှည် တည်တံ့ခြင်းကို ကူညီထောက်ပံ့ပေးမည်ဖြစ်ရာ ယင်းအဆိုပြုချက်က  စားသုံးဆီ ဝယ်လိုအားနှင့် စားအုန်းဆီကြမ်းစျေးနှုန်းများကို အထောက်အပံ့ဖြစ်စေကြောင်း CIMB Securities ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှု အကျိုးဆောင်အဖွဲ့မှ လေ့လာသုံးသပ်သူ Ms. Ivy Ng Lee Fang နှင့် Ms. Lim Yue Jia တို့က မှတ်ချက်ပြုပြောကြားခဲ့သည်။

    ချီကာဂိုပဲပုပ်ဆီသည် ဇွန် ၁၃ ရက်၌ ၆ ရာခိုင်နှုန်းကျော် ဈေးနှုန်းမြင့်တက်ပြီးနောက် ဇွန် ၁၆ ရက်တွင် ထပ်မံမြင့်တက်လာရာ သုံးနှစ်တာ ကာလတစ်လျောက် နှစ်ရက်တာအတွင်း အကြီးမားဆုံး ဈေးနှုန်းခုန်တက်မှု ဖြစ်ပေါ်ခဲ့ပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင်လည်း စားအုန်းဆီ ကြိုတင်အရောင်းဈေးနှုန်းများသည် ၄.၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

    အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခဖြစ်ပေါ်ခြင်းကြောင့် ရေနံစိမ်းဈေးနှုန်းမြင့်တက်ခြင်း ကလည်း စားအုန်းဆီဈေးနှုန်းကို အတက်အကျဖြစ်စေသည်။ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်သော စံပြု Brent ရေနံစိမ်း ဈေးနှုန်းများသည် ဇွန် ၁၃ ရက်နေ့၌ ၇ ရာခိုင်နှုန်း မြင့်တက်လာပြီးနောက် ဇွန် ၁၆ ရက်တွင် ဆက်လက်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရေနံစိမ်း ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့်ကို ထောက်ပံ့ ပေးနေသည့် အဆိုပါဒေသ၌ စွမ်းအင်အခြေခံအဆောက်အအုံနှင့် ပင်လယ်ရေကြောင်းပို့ဆောင်မှုတို့အပေါ် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည့်အရေးကို ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အားတင်း ဆောင်ရွက်နေကြရသည်။

   အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခ အရှိန်မြင့်တက်မှုက ရေနံထောက်ပံ့မှုကို နှောင့်ယှက် နိုင်ပြီး စွမ်းအင်ဆိုင်ရာစျေးနှုန်းများ မြင့်မားလာစေကာ စားအုန်းဆီထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဇီဝလောင်စာဆီ ၀ယ်လိုအားတို့ကို ပိုမိုလာစေကြောင်းနှင့် ရေနံစိမ်းဈေးနှုန်းများ မြင့်တက်ပြီး ဇီဝလောင်စာဆီ၏ ဈေးနှုန်းအရ ပိုမိုယှဉ်ပြိုင်နိုင်စွမ်း ရှိလာချိန်၌ ရေနံအခြေခံလောင်စာဆီအပေါ် ၀ယ်လိုအားသည် ဇီဝလောင်စာဘက်သို့ မကြာခဏ ပြောင်းရွှေ့လာလေ့ရှိကြောင်းဖြင့် ငွေကြေး ကုမ္ပဏီတစ်ခုဖြစ်သည့် Phillip Nova Pte မှ ကုန်စည်ဆိုင်ရာ မဟာဗျူဟာပညာရှင် Mr. Darren Lim က မှတ်ချက်ပြုပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

Source: The Edge Malaysia, 16th Jun 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)