
ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ပြည်ပမှ ဆန်တင်သွင်းမှုမှာ မက်ထရစ်တန် ၁.၈၈ သန်းရှိပြီး ယခင်နှစ်ကာလတူ၌ တင်သွင်းခဲ့သော တန်ချိန် ၂.၁၅ သန်းနှင့် နှိုင်းယှဉ်ပါက ၁၂.၅၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေးဗျူရို၏ နောက်ဆုံး ထုတ် ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်အတွင်း ပုဂ္ဂလိကကဏ္ဍမှ ဆန်တန်ချိန် ၄.၈ သန်းခန့်ကို စံချိန်တင် တင်သွင်းခဲ့ပြီး နောက် နှစ်ပိတ်လက်ကျန်ပမာဏ မြင့်မားနေမှုအရ ထိုသို့ တင်သွင်းမှုကျဆင်းခဲ့ရခြင်းဖြစ်သည်။ ရာသီဥတုအခြေအနေ ကောင်းမွန်မှုအရ ယခုနှစ်၌ စပါးပိုမိုရိတ်သိမ်းထွက်ရှိမည်ဟု ဆန်လုပ်ငန်း နယ်ပယ်၌ လုပ်ကိုင်နေကြသူများက တွက်ဆမှုနှင့်အတူ တင်သွင်းရန် လိုအပ်မည့် ဆန်ပမာဏကို လျှော့ချလျက်ရှိသည်။ ထို့အပြင် ပရီမီယံအဆင့်ရှိသော တင်သွင်းလာသည့်ဆန်များအပေါ် အမြင့် ဆုံး လက်လီ အဆိုပြုရောင်းဈေးနှုန်း ချမှတ်ကျင့်သုံးခြင်းကလည်း ဆန်တင်သွင်းမှု ကျဆင်းခြင်းကို ဖြစ်ပေါ်စေသည်ဟု လုပ်ငန်းရှင်များနှင့် နိုင်ငံတကာမှ လေ့လာသူများက ပြောဆိုထားသည်။
စီးပွားရေး၊ စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနကလည်း ယခုနှစ် ဆန်တင်သွင်းမှုသည် တန်ချိန် ၃.၄၅ သန်းခန့်သာရှိနိုင်ပြီး ယခင်နှစ် တင်သွင်းမှုပမာဏအောက် ၂၈ ရာခိုင်နှုန်းအထိ လျော့နည်းနိုင်သည်ဟု အစောပိုင်းကာလများတွင် ခန့်မှန်းထားခဲ့သည်။
စိုက်ပျိုးရေးဗျူရို၏ စာရင်းများအရ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဇွန် ၅ ရက်နေ့အထိ ဆန် တန်ချိန် ၁.၉၂ သန်း တင်သွင်းထားပြီး ယင်းပမာဏ၏ လေးပုံသုံးပုံ တစ်နည်းအားဖြင့် တန်ချိန် .၄၃ သန်းခန့်ကို ဗီယက်နမ်ထံမှ ဝယ်ယူခြင်းဖြစ်သည်။ အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံမှ ၂၉၀၆၈၀ တန်၊ ထိုင်းနိုင်ငံမှ ၁၀၆၃၅၀ တန်၊ ပါကစ္စတန်မှ ၇၁၇၆၁ တန်၊ အိန္ဒိယမှ ၁၉၃၀၉ တန်၊ တောင်ကို ရီးယားမှ တန်ချိန် ၂၀၀၀၊ ကမ္ဘောဒီးယားမှ တန်ချိန် ၁၃၅၀၊ စင်ကာပူမှ တန်ချိန် ၁၂၀၀ နှင့် ဂျပန် နိုင်ငံထံမှ ၃၃၆ တန် အသီးသီး တင်သွင်းခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင် စိုက်ပျိုးရေးဗျူရိုသည် ဆန်တန်ချိန် ၂.၇၆ သန်း တင်သွင်းရန်အတွက် အပင်နှင့် တိရစ္ဆာန် ရောဂါပိုးမွှားကင်းစင်မှုဆိုင်ရာ သွင်းကုန်ဆိပ်ကမ်းရှင်းလင်းရေး လက်မှတ် ၃၂၆၆ စောင် ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၅ ရက်နေ့အတွင်း ထုတ်ပေးခဲ့ကြောင်း Philippine Star သတင်းဌာနက ဖော်ပြပါသည်။
Source: The Philippine Star, 14 June 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)