ဆန်စပါးကဏ္ဍမြှင့်တင်ရေး မဟာဗျူဟာလုပ်ငန်းစဉ်များ ကမ္ဘောဒီးယားချမှတ်

Powered by Drupal

      ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (Cambodia Rice Federation - CRF) ၏ ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဇွန် ၁၆ ရက်နေ့၌ ကျင်းပရာတွင် အဖွင့်အမှာစကားပြောကြားရာ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mrs. Cham Nimul က နိုင်ငံ၏ ဆန်စပါးကဏ္ဍကို နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ကောင်းမွန်စေရန်နှင့် ဆက်လက်၍ အောင်မြင်ကြီးပွားမှု သေချာခိုင်မာစေရန်အတွက် အဓိကအရေးပါသော မဟာဗျူဟာလုပ်ငန်းစဉ် ၅ ရပ်ကို အကြံပြု ဖော်ပြခဲ့ကြောင်း သိရှိရသည်။

   ပထမအချက်မှာ ရင်းနှီးမြှုပ်နှံသူများအား ပိုမိုဆွဲဆောင်နိုင်မည့် အလားအလာများကို ဆန်းစစ်ဖော်ထုတ်မှုနှင့်အတူ ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် ကမ္ဘောဒီးယား ဆန်၏ နိုင်ငံတကာ၌ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ဆန်စပါးထုတ်လုပ်မှုကွင်းဆက်၌ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်မှုကို ကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။

   ဒုတိယလုပ်ငန်းစဉ်သည် စီးပွားရေးလုပ်ငန်းများကို ဥပဒေများ၊ ကျင့်ဝတ်များနှင့်အညီ လုပ်ကိုင်လျက် ဆန်စပါးလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေသူများ၏ အကျိုးစီးပွားကို ကာကွယ်ရန် နှင့် ပြည်တွင်း ပြည်ပဈေးကွက်များ၌ ကမ္ဘောဒီးယားဆန်၏ ယုံကြည်စိတ်ချရမှုကို မြှင့်တင်ရန်ပင် ဖြစ်သည်။

   တတိယအချက်အဖြစ် ဉာဏပစ္စည်းပိုင်ဆိုင်မှုနှင့် အမှတ်တံဆိပ်များအား အကာအကွယ် ပေးခြင်းနှင့် မြှင့်တင်ခြင်းတို့တွင် ပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာ၌ ထုတ် ကုန်၏ အရေအတွက်၊ အရည်အသွေး၊ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် ထုပ်ပိုးမှုအသွင်အပြင်တို့ကို သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီစေရမည်ဖြစ်ပြီး သို့မှသာ ကမ္ဘောဒီးယားဆန်၏ဂုဏ်သတင်း ကို ထိန်းသိမ်းလျက် ရေရှည်တည့်တံ့သော ပို့ကုန်အဖြစ် မြှင့်တင်နိုင်မည်ဖြစ်ကြောင်း  Mrs. Nimul က ပြောကြားထားသည်။

   စတုတ္တလုပ်ငန်းစဉ်အဖြစ် ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရှိ သက်ဆိုင်ရာဦးစီးဌာနများ၊ အထူးသဖြင့် Green Trade ကုမ္ပဏီ၊ ပို့ကုန်မြှင့်တင်ရေးအဖွဲ့တို့နှင့် ပူးပေါင်းလျက် အရည်အသွေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအမံများကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် တည်ရှိပြီးဈေးကွက်များကို ခိုင်မာစေရန်နှင့် ဈေးကွက်အသစ်များ တိုးချဲ့ ရန် CRF အသင်းချုပ်နှင့် ဆန်စပါးလုပ်ငန်းရှင်များသို့ အကြံပြုထားကြောင်း သိရသည်။

    ပဉ္စမအချက်အဖြစ် CRF အသင်းချုပ်ရှိ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်သစ်များကို မကြာမီ ကာလ၌ ရွေးချယ်တင်မြှောက်ခြင်းနှင့် ဆက်စပ်လျက် အသင်းချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းဆောင်ရွက်မှုစနစ်နှင့် လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များကိုလည်း ခေတ်မီ အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီး Mrs. Cham Nimul က ပြောဆိုခဲ့သည်။

          ကမ္ဘောဒီးယားအစိုးရ၊ CRF အသင်းချုပ်၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ဆန်စပါး လုပ်ငန်းနယ်ပယ်ရှိ အခြားသက်ဆိုင်သူများ ပူးပေါင်းကြိုးပမ်းအားထုတ်မှု၏ ရလဒ်အဖြစ် ကမ္ဘော ဒီးယားနိုင်ငံသည် ဆန်စပါးပိုလျှံစွာထုတ်လုပ်လျက် ပြည်ပသို့တင်ပို့သည့် နိုင်ငံဖြစ်လာခဲ့ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် တရုတ်နိုင်ငံသို့ ကြိတ်ခွဲပြီးဆန်တန်ချိန် ၅၀၀၀၀၀ တင်ပို့ရန် နားလည်မှု စာချွန်လွှာကို ၂၀၂၅ ခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ နိုင်ငံပိုင် Green Trade ကုမ္ပဏီ သည်လည်း အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၃၇၅၀၀ နှင့် တီမောလက်စ်သို့ ဆန်တန်ချိန် ၄၀၀၀ တင်ပို့ရန် စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

    ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၆၅၁၀၀၀ နှင့် စပါးတန်ချိန် ၅.၁ သန်းခန့် တင်ပို့လျက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၉၈ ဘီလီယံကျော် ရရှိခဲ့ ကြောင်း သိရှိရသည်။

Source: Khmer Times, June 18, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)