
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲကို (၁၉.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးရန်မသင့်သော အစားအစာများနှင့်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိသည့် အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်ရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ် ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများ၊ အသက်အရွယ်အပိုင်းအခြားနှင့် ခံစားပိုင်ခွင့်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီဌာန၊ မြို့နယ်တာဝန်ခံက ကျောင်းဝန်းအတွင်း ရောင်းချနေသော မုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)