အိန္ဒိယပြည်တွင်း အဓိကစိုက်ပျိုးရာနယ်မြေများ၌ ပဲစင်းငုံဈေးနှုန်းများ ကျဆင်း

Powered by Drupal

အိန္ဒိယနိုင်ငံတွင် ပဲအဓိကစိုက်ပျိုးထုတ်လုပ်သည့် ကာနာတကာပြည်နယ်ရှိ Kalaburgi နှင့် မဟာရဋ္ဌပြည်နယ်ရှိ Latur တို့ကဲ့သို့သော နယ်မြေဒေသများတွင် ပဲစင်းငုံခွဲခြမ်းဈေးနှုန်းများသည် ၃ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးအဖြစ် ၁ ကီလိုဂရမ်လျှင် ရူပီး ၁၀၀ နှုန်း၏ အောက်သို့ ကျဆင်း လျက်ရှိကြောင်း Hindu Business Line သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

 ၂၀၂၅ ခုနှစ် မိုးသီးနှံရာသီကာလ၌ စိုက်ပျိုးမှု အခြေအနေမှာ တိုးတက်လျက်ရှိပြီး ပဲစင်းငုံ နှင့် စားတော်ပဲဝါများ တင်သွင်းမှုများပြားလာခဲ့ခြင်းက ပဲစင်းငုံဈေးနှုန်းများ ကျဆင်းစေရန် အလေး ပေးလျက်ရှိသည်ဟု ပဲကုန်သွယ်ရောင်းဝယ်မှုနယ်ပယ်မှ လုပ်ငန်းရှင်များက ပြောဆိုကြသည်။

    Latur မြို့ အခြေစိုက် ပဲမျိုးစုံ ကြိတ်ခွဲပြုပြင်ရေးလုပ်ငန်းတစ်ခုဖြစ်သော Kalantri Food Products မှ အမှုဆောင်အရာရှိချုပ် Nitin Kalantri က အကောင်းဆုံး အရည်အသွေး အဆင့်ရှိ သည့် ပဲစင်းငုံခွဲခြမ်း ၁ ကီလိုဂရမ်လျှင် ၁၀၄ ရူပီးမှ ၁၀၅ ရူပီးခန့် ဈေးနှုန်း ဖြစ်ပေါ်နေချိန်တွင် ပျမ်းမျှအရည်အသွေးရှိသော ပဲစင်းငုံခွဲခြမ်း ၁ ကီလိုဂရမ်သည် ၈၉-၉၀ ရူပီးနှုန်းသာရှိကြောင်း၊ ယခင်နှစ် အလားတူကာလ၌ ဖြစ်ပေါ်ခဲ့သော ပဲစင်းငုံခွဲခြမ်း ဈေးနှုန်းများသည် ဝယ်လိုအား နည်းပါး မှုနှင့် ရောင်းလိုအားပိုလျှံမှုကြောင့် ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း၊ လက်ရှိဈေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် အနိမ့်ဆုံးပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    လွန်ခဲ့သော ၂ နှစ် ကာလ၌ ပြည်တွင်းထုတ်လုပ်မှု ပြတ်လပ်ခြင်းကြောင့် အမြင့်ဈေးသို့ ရောက်ရှိနေသည့် ပဲစင်းငုံဈေးနှုန်းများသည် ရောင်းလိုအားများပြားလာစေရန် အစိုးရက တင်သွင်း ခွင့်ကို ဖွင့်လှစ်ပေးမှုနှင့်အတူ သင့်တင့်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ အိန္ဒိယ အစိုးရ သည် အကောက်ခွန်လွတ် ပဲစင်းငုံတင်သွင်းခွင့်ကာလကို ၂၀၂၆ ခုနှစ် မတ်လအထိ သက်တမ်း တိုးမြှင့်ပေးထားသည်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယ၏ ပဲစင်းငုံတင်သွင်းမှုမှာ တန်ချိန် ၁၂.၂၃ သိန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်၌ တင်သွင်းခဲ့သည့် တန်ချိန် ၇.၇၁ သိန်းထက် ၅၉ ရာခိုင်နှုန်းခန့် ပိုမိုခဲ့ခြင်းဖြစ်သည်။

    ဈေးကွက်အခြေအနေမှာ အရောင်းအဝယ်အေးလျက်ရှိကြောင်း၊ လက်ရှိကာလ၌ ပဲစင်းငုံသည် ရောင်းလိုအားပိုလျှံသည့် ဇုန်အတွင်း ရောက်ရှိနေကြောင်း၊ ပွဲတော်ရာသီကာလ မတိုင်မီ ဝယ်လိုအားမြင့်တက်လာနိုင်မှုအရ ရှေ့လာမည့် သီတင်းပတ်များအတွင်း ဈေးနှုန်းများ မြင့်တက် လာနိုင်ခြေရှိကြောင်း၊ မုတ်သုံရာသီ၏ ဖြစ်ပေါ်တိုးတက်မှုက ဟင်းသီးဟင်းရွက်များ ထောက်ပံ့ ပေးသွင်းမှုအပေါ်ကို သက်ရောက်လျက်ရှိရာ ရှေ့လာမည့် နေ့ရက်များတွင် ပဲမျိုးစုံ စားသုံးမှုမှာ တိုးတက်လာမည်ဟု ခန့်မှန်းရကြောင်းဖြင့် Mr. Kalantri က ပြောဆိုထားသည်။

    Kalaburgi မြို့အခြေစိုက် ကာနာတကာပြည်နယ် ပဲစင်းငုံစိုက်ပျိုးသူများအသင်းမှ ဥက္ကဋ္ဌ Basavaraj Ingin ကလည်း ပဲစင်းငုံနှင့် စားတော်ပဲဝါတို့ကို တင်သွင်းမှု များပြားခြင်းကြောင့် ပဲစင်းငုံလုံးပြည့်နှင့် ပဲစင်းငုံခွဲခြမ်းတို့၏ ဈေးနှုန်းများကျဆင်းလာခြင်းဖြစ်ပြီး သီးနှံစိုက်ပျိုးရာသီအသစ် စတင်ချိန်တွင် စိုက်ပျိုးထုတ်လုပ်သူများက ၎င်းတို့လက်ဝယ်သိုလှောင်ထားသည့်ပဲများကို ဈေးကွက်သို့ ထုတ်ရောင်းခြင်းသည်လည်း ဈေးနှုန်းများအပေါ် လွှမ်းမိုးသည့် အချက်ဖြစ်ကြောင်း၊ ထို့အပြင် ဈေးနှုန်းပိုမိုသက်သာသော စားတော်ပဲဝါများ အလွယ်တကူဝယ်ယူရရှိနိုင်ခြင်းကလည်း ပဲစင်းငုံစားသုံးမှုအပေါ် သက်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ မိုးရာသီ၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲစင်းငုံသီးနှံအတွက် အနိမ့်ဆုံးထားရှိ ဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်းကို ၁ ကွင်တယ်လျှင် ရူပီး ၈၀၀၀ နှုန်းသို့ တို့းမြှင့်လျက် ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်အတွက် သီးနှံများအား ဝယ်ယူသည့် ကာလကို အိန္ဒိယအစိုးရက တိုးမြှင့်ပေးခဲ့ခြင်းတို့သည် ပဲစိုက်တောင်သူများကို အကျိုးဖြစ်ထွန်းစေလျက်ရှိကြောင်း ပြောကြားခဲ့သည်။

     အိန္ဒိယ စားသုံးသူရေးရာဦးစီးဌာန၏ အချက်အလက်များအရ နိုင်ငံတစ်ဝန်း၌ ပဲစင်းငုံခွဲခြမ်း ၏ ပျမ်းမျှလက်လီရောင်းဈေးသည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ၁ ကီလိုဂရမ်လျှင် ၁၆၁.၃ ရူပီးနှုန်း ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၌ ၁ ကီလိုဂရမ်လျှင် ၁၂၂.၄၅ ရူပီးနှုန်းသို့ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

Source: The Hindu Business Line , 23 Jun 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)