တောင်ငူမြို့ပေါ်ရှိ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ဦးဆောင်၍ ဒုတိယခရိုင် ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံတို့ ပါဝင်သော အဖွဲ့သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး ဒေါ်သူသူအောင် ဦးဆောင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ရှိ အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းများသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ခရိုင်ဦးစီးမှူး ဦးဆောင်သောအဖွဲ့သည် တောင်ငူမြို့ရှိ အမေ့စိတ်တိုင်းကျ အဆင့်မြင့် လက်ဖက်ရည်နှင့် စားဖွယ်စုံဆိုင်နှင့် အမေ့အိမ်စားသောက်ဆိုင်များသို့ ရောက်ရှိပြီး အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများ၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများ၊ အစားအသောက်များ သန့်ရှင်းမှုရှိ/မရှိ ကိုလည်းကောင်း၊ မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူများသို့ လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြခြင်းကိုလည်းကောင်း၊ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ် အစားနှင့် အသားတင်ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြခြင်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

      ခရိုင်ဦးစီးမှူးသည် အဆင့်မြင့်လက်ဖက်ရည်နှင့် စားဖွယ်စုံဆိုင်များ၊ စားသောက်ဆိုင်များ အနေဖြင့် အစားအသောက်ဝန်ဆောင်မှုများပေးရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးကို အလေးထားဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)