မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

     ၁.၈.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ၂၀၂၃-၂၀၂၅ ကာလအတွက် မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ MONCCI အလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ ညီနောင်အသင်းမှအသင်းဝင်များ၊ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စုစုပေါင်း(၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဤအသင်းကြီး အလုပ်အမှုဆောင်သစ်ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် ဝိုင်းဝန်ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး MONCCI မှ အတွင်းရေးမှူး ဦးနေဇော်အောင်က အသင်း၏ အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်ရေးအတွက် ညီနောင်အသင်းများမှ အဆိုပြု အမည်စာရင်းများပေးပို့စေလိုကြောင်း၊ အလုပ်အမှုဆောင်ရွေးချယ်ရေး ကျင်းပမည့်ရက်အား အတည်ပြု ပေးစေလိုကြောင်း၊ အလုပ်အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ရာတွင် ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ရန် UMFCCI ကိုလည်းဖိတ်ကြားထားကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

      ဆက်လက်၍ မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးခင်မောင်ဝင်းက အလုပ်အမှုဆောင် ရွေးချယ်ရာတွင် အသင်းကိုစိတ်ပါဝင်စားသူများကို ဦးစားပေးရွေးချယ်ရန်လိုအပ်ကြောင်း၊ အလုပ်အမှုဆောင်သစ်မရွေးချယ်မီ မီတာခကြွေးကျန်များ၊ အလုပ်လက်ကျန်များကို ရှင်းလင်းရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး ဘဏ္ဍာရေးတာဝန်ခံမှ ဘဏ္ဍာရေးကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ထို့နောက် တက်ရောက်လာသူများမှအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းအစည်းအဝေးအား (၁၅:၀၀) ချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)