၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၊ မကွေးခရိုင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများလိုက်ပါလျှက် မကွေးကုန်စည်ဒိုင် နယ်မြေအတွင်းရှိ ကုန်သည်/ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်နေ ပြည်သူများ၏ စိုက်ပျိုးရေးထွက်ကုန်များ ဈေးကောင်းရရှိရေးသည် အရေးပါသည့်အတွက် မြို့နယ်ကုန်စည်ဒိုင်အသင်းအဖွဲ့များက ဈေးကွက်များရှာဖွေချိတ်ဆက်ကြရန် လိုအပ်ကြောင်း၊ ယခင်ဖွဲ့စည်းထားသည့် မကွေးတိုင်းဒေသကြီး ကုန်သည်/ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသည် သတ်မှတ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် မကွေးကုန်စည်ဒိုင်အသင်းသားများ၊ ကုန်သည်/စက်မှုလက်မှုလုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်း ကုန်သည်များ စက်မှုလက်မှုလုပ်ငန်းရှင်များ စည်းစည်းလုံးလုံးဖြင့် တိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောကြားစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များမှ မိမိတို့ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများနှင့် ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကို တင်ပြဆွေးနွေးခဲ့ပြီး ညနေ(၁၅:၃၀)နာရီအချိန်တွင် တွေ့ဆုံပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူ(၁၇)ဦး၊ ကုန်သည်စက်မှုလုပ်ငန်းရှင် (၅၇)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)