ပူစီနံစိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော တလုပ်ရွာ၊ နဘူးအိုင်ရွာတို့တွင် ပူစီနံ ဟင်းသီး ဟင်းရွက်များကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ပူစီနံများကို ဇွန်လ တွင် စတင်စိုက်ပျိုးထားရှိပြီး၊ စက်တင်ဘာလတွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရပြီး စိုက်ပျိုး ချိန်မှ ရိတ်သိမ်းချိန်အထိ ရက်ပေါင်း (၉၀) ကြာမြင့်ကြောင်း သိရှိရသည်။ ပူစီနံကို ဘောင်များပြု လုပ်၍ စိုက်ပျိုးကြကြောင်း၊ ဘောင်များကို (၅) လက်မအမြင့် ပြုလုပ်ပြီး (၃) ပေအကျယ်ဖြင့် အရှည် (၈) ပေထား၍ စိုက်ပျိုးထားကြောင်း၊ မျိုးစေ့ကို မစိုက်ခင် မြန်မြန် အပင်ပေါက်စေရန် (၂၄) နာရီကြာ စိမ်ရကြောင်း၊ အစေ့ကို ရေမစိမ်မီ ဂုံနီအိတ်ပေါ်တွင်တင်၍ ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန် အသာ အယာလှိမ့်ပြီး မျိုးစေ့ကို(၂၄) နာရီစိမ်ရာ၌ ရေနှစ်ကြိမ်လဲပေးရကြောင်း၊ ၎င်းအစေ့များကို ဆယ်ယူ၍ ရေစစ်ထား၍ စိုက်မည့်ဘောင်ပေါ်တွင် (၁) လက်မ အနက်မြောင်းများကို လေးလက်မခြားဆွဲပြီး မျိုးစေ့ချ၍ သဘာဝမြေဩဇာဖြစ်သော နွားချေးအမှုန့် (သို့) မြေဆွေးမှုန့်တို့ဖြင့် ပါးပါးဖုံးပြီး စိုက်ပျိုးရ ကြောင်း၊ အပင်များပေါက်ပြီး (၄၅) ရက်ကြာလျှင် အပင်များနုတ်ယူ၍ ဈေးကွက်သို့တင်ပို့ရောင်းချ ကြောင်း သိရှိရသည်။
မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ၂၀၂၅ ခုနှစ် ဇူလိုင်ဒုတိယပတ်တွင် ရောင်းချနေသော ပူစီနံတစ်စီးလျှင်(၂၀၀)ကျပ်၊(၁၀)စီးလျှင် (၁၅၀၀) ကျပ်ပေါက်ဈေးများဖြင့် တောင်သူများကိုယ်တိုင် လာရောက် ရောင်းချကြောင်း၊ ပူစီနံသည် ရွက်စားသီးနှံဖြစ်ပြီး အစားသောက်များတွင် ဟင်းခတ် အမွှေးအကြိုင်အဖြစ် စားသောက်အသုံးပြုကြသောကြောင့် ဆေးဖက်လည်းဝင်ပြီး စားသုံးမှုများ သောကြောင့် အရောင်းအဝယ်ဖြစ်၍ စိုက်ပျိုးမှုစရိတ်သက်သာပြီး ဝင်ငွေရရှိကြောင်း ပူစီနံစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)