ငါန်းဇွန်မြို့နယ်၌ မိုးနှမ်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင် သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံ နှင့် စားဖိုဆောင် သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ စိုက်ပျိုးသီးနှံများမှ ဆီထွက်သီးနှံ ဖြစ်သော နှမ်းသီးနှံကို မိုးနှင့်ဆောင်းနှစ်ရာသီတွင်စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်မိုးနှမ်းစိုက်ပျိုးမှု အနေဖြင့် (၆၄၀၇၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့်(၆၇၈၄၀)ဧကစိုက် ပျိုးနိုင်ခဲ့ပါသည်။ စိုက်ပျိုးမှုမှာ ပက်ကျဲနှင့်တန်းစိုက်ဟူ၍ ရှိရာတွင် နေရာဒေသနှင့်မြေပေါ်မူတည်၍ ဒေသခံ တောင်သူ များမှာ ပက်ကျဲစိုက်ပျိုးမှုကိုသာ အများဆုံးစိုက်ပျိုးကြပြီး မျိုးအသုံးချမှုအနေဖြင့် တစ်ဧကလျှင်(၂) ပြည်ခန့် ထည့်သွင်းစိုက်ပျိုးကြပါသည်။ တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် (၄.၃၅)တင်းထွက်ရှိခဲ့ပြီး ရာသီချိန်နှမ်းတစ်တင်းဈေးအနေဖြင့်(၉၅၀၀၀၊ ၁၀၀၀၀၀)ကျပ် ရှိခဲ့ပါသည်။ မိုးနှမ်းမှာ ဆောင်းနှမ်းနှင့် နှိုင်းယှဉ်လျှင် အထွက်နှုန်းထက်ဝက်နီးပါးခန့်လျော့နည်းကြောင်း သိရသည်။ ယခုနှစ်တွင် မိုးနှမ်းကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့်(၆၄၀၈၀)ဧကရှိပြီး၊ စိုက်ပျိုး ပြီးစီးမှုမှ (၆၇၈၅၂) ဧကရှိပါကြောင်း၊ မိုးနှမ်းစိုက်ပျိုးမှုအများဆုံးအနေဖြင့် ဘုရားထူးကျေးရွာ၊ ရွာသစ်၊ စီထိန်း၊ တမာပင်၊ အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊ ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ အောင်ချမ်းသာကျေးရွာနှင့်ကုန်းသာကျေးရွာ စသည့် ကျေးရွာများဖြစ်ပါသည်။ ယခုနှစ် နှမ်းမျိုးဈေး အနေဖြင့် တစ်ပြည်လျှင်(၁၀၀၀၀)ကျပ်ဈေးများရှိခဲ့ပြီး နှမ်းတစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊မြေယာပြုပြင်မှု၊ သွင်းအားစု၊ လုပ်သားခများ အပါ အဝင်(၃၅၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျမှုရှိပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် (၂၀၀၀၀၀) ကျပ်ဝန်းကျင်သာရှိပြီး နွားစာရှားပါးသည့် ဒေသများဖြစ်သည့်အတွက် အကျိုးအမြတ်နည်းပါးသော် လည်း တစ်ဖက်မှလည်းနွားစာ ရရှိသဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ တစ်ချို့ကျေးရွာများသည် နွားစာအတွက် ကျောက်ဆည်၊ မြစ်သားဒေသဘက်မှ နှမ်းပေါ်ချိန်ထွက်ပေါ်သော နှမ်းရိုးများကို သယ်ယူစရိတ်အကုန်အကျခံ၍ သယ်ယူကျွေးမွေးရပါသည်။ ဒေသထွက်နှမ်းများကို ရောင်းဝယ်မှု ဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ တောင်သူများကိုယ်တိုင် ဈေးဝယ် လိုက်ရင်းဖြင့်သော်လည်းကောင်း၊ ကားတင်ပေး၍သော်လည်းကောင်း အများဆုံးရောင်းချကြပါသည်။ တောင်သူများအတွက် သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုကောင်းမွန်ရန်လိုအပ်သလို ရေခံမြေခံနှင့် မျိုးစေ့များလည်းကောင်းမွန်၍ ဈေးကွက်ခိုင်မာမှုရှိမှသာ သင့်တင့်လျှောက်ပတ်သော အကျိုးအမြတ် များရရှိနိုင်မည်ဖြစ် ပါသည်။
DOCA(မန္တလေး)