ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပိတ်မှုသည် ထိုင်းနိုင်ငံအတွက်နယ်စပ်ပို့ကုန် ဘတ် ၆၀ ဘီလီယံ ဆုံးရှုံးစေနိုင်

Powered by Drupal
အကယ်၍ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို ယခုနှစ်ကုန်ထိပိတ်ထားပါက ထိုင်းနိုင်ငံ၏ နယ်စပ်ပို့ကုန် ဘတ် ၆၀ ဘီလီယံတန်ဖိုးထိကျဆင်းနိုင်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေး ဦးစီးဌာနကသတိပေးခဲ့ပါသည်။ ဌာန၏ ညွှန်ကြားရေးမှူးချုပ် Arada Fuengthong က ၂၀၂၅ ခုနှစ်၏ ပထမ ၅ လတာကာလတွင် နှစ်နိုင်ငံ၏နယ်စပ်ကုန်သွယ်ရေးတန်ဖိုးသည် ဘတ် ၈၀.၇၂ ဘီလီယံထိ‌ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၁.၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကာလတွင် ထိုင်းနိုင်ငံ၏တင်ပို့မှုတန်ဖိုးမှာ ဘတ် ၆၃.၀၇ ဘီလီယံဖြင့် ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းမှုမှာ ဘတ် ၁၇.၆၄ ဘီလီယံဖြင့် ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် ကုန်သွယ်ရေးပိုငွေဘတ် ၄၅.၄၃ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ သို့သော် Arada က ဇွန်လ ၇ ရက်တွင် စတင်ခဲ့သည့် နယ်စပ်ပိတ်မှုကြောင့် ဇွန်လတွင် နယ်စပ်ကုန်သွယ်ရေးကျဆင်းနိုင်ပြီး ပြည်သူများနှင့် ကုန်စည် ဖြတ်သန်းမှုနှင့် ခရီးသွားကဏ္ဍတို့ ရပ်တန့်သွားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ Arada က နယ်စပ်တစ်လျှောက်ရှိ ပြည်နယ်စီးပွားရေးရုံးများနှင့် ဆွေးနွေးမှုများအရ နယ်စပ်တစ်လျှောက်ရှိ များစွာသောဆိုင်များပိတ်ထားမှုနှင့်အတူ စီးပွားရေးဆောင်ရွက်မှုများမှာနှေးကွေးလျှက်ရှိကြောင်း ရှင်းပြခဲ့ပါသည်။ တုံ့ပြန်မှုအနေဖြင့် စီးပွားကူးသန်းဝန်ကြီးဌာနသည် အစိုးရအဆောက်အအုံများ၊ အများပိုင်နှင့် ပုဂ္ဂလိကနေရာများနှင့် ဈေးဝယ်စင်တာများတို့တွင် ကုန်သွယ်ရေးနေရာသစ်များ ဖန်တီးပေးခြင်းအစရှိသည့် စီးပွားရေးလုပ်ငန်းများအားပံ့ပိုးပေးရန် အခြားနည်းလမ်းများကို ရှာဖွေ လျှက်ရှိကြောင်း သိရပါသည်။ နယ်စပ်မှတစ်ဆင့်အများဆုံးသက်ရောက်နိုင်သောပို့ကုန်ကဏ္ဍများ မှာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တို့ဖြစ်ကြောင်း သိရပါသည်။ သို့သော်ကောက်ရိတ်သိမ်းရာသီ နှင့် နယ်စပ်ပိတ်မှုမှာ တစ်ချိန်တည်းကျနေသောကြောင့် သက်ရောက်မှုမှာ အကန့်အသတ်တစ်ခု သာရှိနေကြောင်း သိရပါသည်။ ဝန်ကြီးဌာနသည် အများပိုင်နှင့် ပုဂ္ဂလိကအေဂျင်စီများနှင့် ညှိနှိုင်း ဆွေးနွေး၍ ထိုကုန်ပစ္စည်းများကို ပြည်တွင်း၌ဖြန့်ဖြူးရန် စီစဉ်နေကြောင်းသိရပါသည်။ စားသုံးကုန်ပစ္စည်းများနှင့် စက်မှုထုတ်ကုန်များအတွက်မူ ဝန်ကြီးဌာနသည် သယ်ယူပို့ဆောင်ရေး နှင့် ဈေးကွက်သစ်များရှာဖွေခြင်းနှင့် အွန်လိုင်းရောင်းချမှုများကို တွန်းအားပေးခြင်းအားဖြင့် ပို့ကုန် လုပ်ငန်းရှင်များကို ကူညီလျှက်ရှိကြောင်း သိရပါသည်။ သွင်းကုန်များ အထူးသဖြင့် ပြုပြင် ထုတ်လုပ်တင်ပို့ရန်အတွက် အသုံးပြုသည့် ပီလောပီနံနှင့်ပတ်သတ်၍ Arada က ၎င်းနှင့်ပတ်သတ်၍ရွေးချယ်စရာများရှိကြောင်း အထူးသဖြင့် ထိုင်းနိုင်ငံ၏ပီလောပီနံတင်သွင်းမှု၏ ၆၀ ရာခိုင်နှုန်းရှိသောလာအိုနိုင်ငံထံမှ ပိုမိုတင်သွင်းနိုင်ကြောင်း သိရပါသည်။ Arada က ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားသို့ ကုန်ပစ္စည်းများကို ပင်လယ်မှတစ်ဆင့်တင်ပို့သောကြောင့် နယ်စပ်ပိတ်ထားမှုသည် အဓိကအားဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးကိုသာ သက်ရောက်စေ ပြီး နှစ်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုကို အကန့်အသတ်သာသက်ရောက်စေကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်၏ ပထမ ၅ လတွင် ထိုင်းနိုင်ငံ၏ ကမ္ဘောဒီးယားသို့စုစုပေါင်းတင်ပို့မှုတန်ဖိုးမှာ ဘတ် ၁၄၅.၅၃ ဘီလီယံတန်ဖိုးရှိပြီး ထိုပမာဏထဲမှ ၆၃.၀၇ ဘီလီယံတန်ဖိုးနယ်စပ်မှတစ်ဆင့် တင်ပို့ခဲ့ကာ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည့်အတွက် တစ်လလျှင်ပျမ်းမျှ ဘတ် ၁၁ ဘီလီယံ ပတ်လည် ရှိကြောင်း သိရပါသည်။ ထို့ကြောင့် ယခုနှစ်ကုန်ထိ နယ်စပ်ပိတ်ထားပါက နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် ဘတ် ၆၀ ဘီလီယံကျော်ထိ ထိခိုက်နိုင်ကြောင်း သိရပါသည်။ Khmer Times DOCA (ရန်ကုန်)