စိုက်ပျိုးမွေးမြူရေး-ရေထွက်ကုန်တင်သွင်းမှုလိုအပ်ချက်ကိုဖြေရှင်းရန် ကမ္ဘောဒီးယားပုဂ္ဂလိကဏ္ဍ တွေ့ဆုံဆွေးနွေး

Powered by Drupal
ကမ္ဘောဒီးယားဈေးကွက်တွင် စိုက်ပျိုးမွေးမြူရေးနှင့် ရေထွက်ကုန်တင်သွင်းမှု၏ ရောင်းလိုအား-ဝယ်လိုအားအပေါ်ဆန်းစစ်ရန်အတွက် ပုဂ္ဂလိကကဏ္ဍအလုပ်ရုံဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံကုန်သည်များအသင်း(CCC) က ဇွန်လ ၃၀ ရက်နေ့ကကျင်းပခဲ့ပါသည်။ အစည်းအဝေးကို အစိုးရ-ပုဂ္ဂလိုကကဏ္ဍဖိုရမ်၏မူဘောင်အောက်တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း CCC ၏ထုတ်ပြန်ချက်အရ သိရပါသည်။ ထိုဆွေးနွေးပွဲကို ကမ္ဘောဒီးယားကုန်သည်များအသင်း၏ ဒုတိယဥက္ကဌနှင့် ပုဂ္ဂလိကကဏ္ဍတာဝန်ရှိသူအုပ်စု၏ ဒုတိယဥက္ကဌဖြစ်သူ Tan Monicann က ဦးဆောင်ခဲ့ပြီး ဖိုရမ်၏ရည်ရွယ်ချက်မှာ အဓိကစိန်ခေါ်မှုများကို‌ဖော်ထုတ်ရန်နှင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ၏ စည်းမျဉ်းများနှင့် လုပ်ငန်းစဉ် များတိုးတက်ရန်အတွက် လက်တွေ့ကျသောဖြေရှင်းချက်များအဆိုပြုရန်ဖြစ်ကြောင်း သိရပါ သည်။ CCC ၏ ညွှန်ကြားရေးမှူးချုပ်နှင့် ပုဂ္ဂလိကကဏ္ဍရေးရာလုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ Nguon Meng Tech က အစည်းအဝေးကို ရေထွက်ကုန်ရေးရာပုဂ္ဂလိကကဏ္ဍကော်မတီဥက္ကဌ Nang Sothy နှင့်အတူတက်ရောက်ခဲ့ကြောင်းသိရပါသည်။ ထိုဖိုရမ်ကို ကမ္ဘောဒီးယားစားဖိုမှူးများ အသင်း၊ ကမ္ဘောဒီးယား စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်မဟာမိတ်အဖွဲ့၊ ကမ္ဘောဒီးယား ငါးရောင်းချသူများအသင်း၊ ကမ္ဘောဒီးယားအစားအစာထုတ်လုပ်သူများအသင်းနှင့် အခြားပုဂ္ဂလိက ကဏ္ဍလုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရပါသည်။ဆွေးနွေးမှုများကို စိုက်ပျိုးရေးနှင့် ရေထွက်ကုန်များတင်သွင်းမှုခွဲတမ်းများချမှတ်ခြင်း၊ ပြည်တွင်းဈေးကွက်တွင် အဆိုပါကုန်ပစ္စည်းများရရှိနိုင်စွမ်းနှင့် သွင်းကုန်များအတွက်လုပ်ငန်းစဉ်များနှင့် မှတ်တမ်းတင် ထားရှိခြင်းတို့ပါဝင်သည့် များစွာသောကိစ္စရပ်များအပေါ် အဓိကပြုလုပ်ခဲ့ကြောင်း သိရပါသည်။ CCC က ထိုအစည်းအဝေးသည် ကမ္ဘောဒီးယား၏အစားအစာဖူလုံမှုမြှင့်တင်ရန်နှင့် စိုက်ပျိုးရေး-ရေထွက်ကုန်ကဏ္ဍတွင် စီးပွားရေးလုပ်ငန်းလည်ပတ်မှုများ ချောမွေ့စေရေးပံ့ပိုးပေးရန်အတွက် Public-Private ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်ဆက်လက်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ Khmer Times DOCA (ရန်ကုန်)