၂၀၂၅ ခုနှစ်အတွင်း သီဟိုဠ်စေ့တင်ပို့မှုမှ ဒေါ်လာ ၄.၅ ဘီလီယံ ရရှိရန် ဗီယက်နမ် မျှော်မှန်း

Powered by Drupal
ဗီယက်နမ်နိုင်ငံသည် ယခင်နှစ်ထက် ၂.၇ ရာခိုင်နှုန်း ပိုမိုလျက် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄.၅ ဘီလီယံတန်ဖိုးရှိသော သီဟိုဠ်စေ့များ တင်ပို့ရန် ရည်မှန်းထားကြောင်း၊ အဆိုပါ ပန်းတိုင်သို့ ရောက်ရှိရန် သီဟိုဠ်စေ့ကဏ္ဍအနေဖြင့် ဒုတိယနှစ်ဝက် ကာလအတွင်း အမေရိကန် ဒေါ်လာ ၂.၂ ဘီလီယံခန့် ရရှိရန် လိုအပ်ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ဗီယက်နမ် အနေဖြင့် ၂၀၂၅ ခုနှစ်၊ ပထမ ၆ လအတွင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၃၆ ဘီလီယံရှိသော သီဟိုဠ်စေ့တန်ချိန် ၃၄၆,၈၀၀ ကို တင်ပို့နိုင်ခဲ့ရာ ပမာဏအားဖြင့် ၂.၇% လျော့ နည်းသော်လည်း တန်ဖိုးအားဖြင့် ယခင်နှစ်ကာလတူထက် ၂၀.၄% မြင့်တက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုးတက်မှုသည် အဓိကအားဖြင့် ပို့ကုန်ဈေးနှုန်းများ သိသာစွာ မြင့်တက်လာခြင်းကြောင့် ဖြစ်ပြီး တင်ပို့မှုပမာဏများ လျော့နည်းမှုကို ချေဖျက်ရာတွင် အထောက်အကူဖြစ်စေခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်၌ သီဟိုဠ်စေ့ပျမ်းမျှပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆,၈၀၅ ကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၃.၈% မြင့်တက်ခဲ့ကြောင်း၊ တရုတ်၊ အမေရိကန်နှင့် နယ်သာလန်နိုင်ငံတို့သည် ဗီယက်နမ်၏ အဓိက သီဟိုဠ်စေ့ ဝယ်လက်များ အဖြစ် ဆက်လက်တည်ရှိနေပြီး ၎င်းတို့၏ ဝယ်ယူမှုမှာ စုစုပေါင်းပို့ကုန်တန်ဖိုး၌ ၂၂%၊ ၂၁.၆%နှင့် ၈.၄% အသီးသီးပါဝင်ခဲ့ကြောင်း၊ ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက သီဟိုဠ်စေ့ပို့ကုန်မှ ဝင်ငွေရ ရှိမှုသည် တရုတ်သို့တင်ပို့မှုတွင် ၄၁.၂%၊ အမေရိကန်သို့တင်ပို့မှု၌ ၀.၁% နှင့် နယ်သာလန်သို့ တင်ပို့မှုတွင်၂၂.၄% တိုးတက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန်အတွက် ယူအေအီးနှင့် ဆော်ဒီအာရေဗျ အပါ အဝင် ဗီယက်နမ်ထုတ်ကုန် ဈေးကွက်ဝင်ရောက်မှု အကန့်အသတ်ဖြင့်သာ ရှိနေသည့် ဝယ်လိုအား ကောင်းမွန်သော ထွန်းသစ်စဈေးကွက်များသို့ ချဲ့ထွင်မှုများ တိုးမြှင့်ဆောင်ရွက်ရန် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနက တွန်းအားပေးလျက်ရှိသည်။ ယခုအခါ ဗီယက်နမ်၏ တတိယ အကြီးဆုံး သီဟိုဠ်စေ့ဈေးကွက်ဖြစ်လာသော ဥရောပသမဂ္ဂသည်လည်း မကြာသေးမီနှစ်များ အတွင်း ပုံမှန်တိုးတက်မှုကို ပြသခဲ့ကြောင်း သိရှိရသည်။ သီဟိုဠ်စေ့တင်ပို့မှု အမြင့်မားဆုံးရာသီကာလဖြစ်သော နှစ်ကုန်ပွဲတော်များနှင့် တရုတ် နှစ်ကူးပွဲတော် မတိုင်မီတွင် သီဟိုဠ်စေ့ ကုန်ကြမ်းဈေးနှုန်းများ တစ်တန်လျှင် ဒေါ်လာ ၁,၄၅၀ မှ ၁,၃၅၀ သို့ လျော့ကျခဲ့ခြင်းက ကုန်ထုတ်လုပ်သူများအတွက် စရိတ်သက်သာမှု အားသာချက်များ အဖြစ် သီဟိုဠ်စေ့တင်ပို့မှုလုပ်ငန်းနယ်ပယ်ကို တိုးတက်လာစေရန် ထပ်မံတွန်းအားပေးခဲ့သည်။ ဗီယက်နမ် သီဟိုဠ်စေ့လုပ်ငန်းရှင်များအသင်း (VINACAS) ၏ ခန့်မှန်းချက်အရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်ကြားတွင် ကမ္ဘာ့သီဟိုဠ်စေ့ဈေးကွက်သည် နှစ်စဉ်ပျမ်းမျှ ၄.၆% နှုန်းဖြင့် တိုးတက် ကြီးမားလာမည်ဟု မျှော်မှန်းထားသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် သီဟိုဠ်စေ့ တန်ချိန် ၇၃၀,၀၀၀ ကို စံချိန်တင် တင်ပို့လျက် အမေရိကန် ဒေါ်လာ ၄.၃၇ ဘီလီယံ ဝင်ငွေရရှိခဲ့ပြီး ယခင် နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၀.၂% တိုးတက်ခဲ့ကြောင်း သိရှိရသည်။ Source: Vietnam Plus, July 15, 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)