၂၀၂၅ ခုနှစ် ဒုတိယ ၃ လပတ်၌ ဖိလစ်ပိုင်၏ စပါးထွက်ရှိမှု ၁၃ ရာခိုင်နှုန်း တိုးတက်

Powered by Drupal
ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ်ဒုတိယသုံးလပတ်တွင် ရာသီဥတုကောင်းမွန်သည့်အခြေအနေများ အရ ပြည်တွင်းစပါး ထွက်ရှိမှုမှာတိုးတက်ခဲ့ပြီး အဓိကစားသုံးကုန်စည်ဖြစ်သော ဆန်တင်သွင်းရမှု ကို လျော့ကျစေခဲ့ကြောင်း သိရှိရပါသည်။ ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတွင် ဧပြီလ မှ ဇွန်လအထိ ကာလအတွင်း စပါးထွက်ရှိမှုသည် တန်ချိန် ၄.၃၅ သန်း ခန့်ရှိမည်ဟု ခန့်မှန်းထားရာ ယခင်နှစ် ကာလတူ၌ ထွက်ရှိခဲ့သည့် စပါးတန်ချိန် ၃.၈၅ သန်းထက် ၁၃.၂ ရာခိုင်နှုန်း တိုးတက်မည် ဟု ဖော်ပြထားပါသည်။ အဆိုပါ စာရင်းအင်းအေဂျင်စီက စပါးစိုက်ပျိုးမှု ဧရိယာသည် ၉.၂ ရာခိုင် နှုန်း ပိုမိုလျက် ၉၇၂,၇၄၅ ဟက်တာအထိ ရောက်ရှိခဲ့ကြောင်း၊ ၎င်းစိုက်ဧရိယာအနက် ၈၈.၉ ရာခိုင် နှုန်းဖြစ်သော ၈၆၄,၄၁၄ ဟက်တာကို ရိတ်သိမ်းပြီးစီးမှုမှ စပါးတန်ချိန် ၃.၈၉ သန်း ထွက်ရှိခဲ့ ကြောင်း၊ စပါးအထွက်နှုန်းသည် ၁ ဟက်တာလျှင် ၄.၄၇ တန်အထိရှိပြီး တိုးတက်မှုအားဖြင့် ၃.၅ ရာခိုင်နှုန်းရှိကြောင်း ပြောကြားခဲ့ပါသည်။ ဇွန်လ ၁ ရက်နေ့ရှိ သီးနှံစိုက်ပျိုးထားမှု အခြေအနေပေါ်မူတည်၍ စိုက်ပျိုးထားဆဲ စပါးစိုက် ဧရိယာ ၅၂၂,၅၃၀ ဟက်တာအနက် ၅၁ ရာခိုင်နှုန်းသည် အပင်ကြီးထွားဆဲအဆင့်၊ ၂၉.၄ ရာခိုင်နှုန်း သည် စပါးအနှံတည်သည့်အဆင့်နှင့် ကျန် ၁၉.၆ ရာခိုင်နှုန်းသည် ရင့်မှည့်သည့်အဆင့်တို့တွင် ရှိနေကြောင်းဖြင့် ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့က ခန့်မှန်းထားပါသည်။ အစိုးရ၏ အထောက်အပံ့များ တိုးမြှင့်ပေးမှုနှင့် စိုက်ပျိုးမှုအခြေအနေကောင်းများ ရှိနေခြင်း တို့ကြောင့် ၂၀၂၅ ခုနှစ်တွင် စပါးတန်ချိန် ၂၀.၄၆ သန်းအထိ စံချိန်တင်ထွက်ရှိမည်ဟု စိုက်ပျိုးရေး ဦးစီးဌာနကလည်း အခိုင်အမာပြောကြားခဲ့ပါသည်။ ရည်မှန်းထားသော ပန်းတိုင်အထွက်ပမာဏ အတိုင်း ထွက်ရှိပါက လက်ရှိစံချိန်တင်ထားသည့် ၂၀၂၃ ခုနှစ်၌ ထွက်ရှိခဲ့သော စပါးတန်ချိန် ၂၀.၀၆ သန်း အပေါ် ၂ ရာခိုင်နှုန်းခန့် ကျော်လွန်မည်ဖြစ်သကဲ့သို့ ယခင်နှစ်ထွက်ရှိခဲ့မှုထက်လည်း ၇.၂ ရာခိုင်နှုန်း မြင့်တက်မှုရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။ ဇူလိုင်ပထမရက်သတ္တပတ်၌ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် စိုက်ပျိုးရေး လက်ထောက်အတွင်းဝန် Arnel de Mesa က ဖိလစ်ပိုင်မိုးလေဝသနှင့် ဇလဗေဒဌာန၏ နောက်ဆုံး ထုတ်ပြန်သော မိုးလေဝသခန့်မှန်းချက်အရ ယခုနှစ်၌ အင်အားပြင်းထန်သော မုန်တိုင်းများစွာကို ကြုံတွေ့ရဖွယ် မရှိကြောင်း၊ ပထမ ၃ လပတ် ခြောက်သွေ့ရာသီတစ်ခုလုံးမှစတင်၍ စပါးအထွက် ကောင်းမွန်နေခြင်းကြောင့် ပြည်ပမှဆန်တင်သွင်းမှုကို ‌လျော့ချနိုင်လိမ့်မည်ဟု မျှော်မှန်းကြောင်း ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဇူလိုင်လ ၃ ရက်နေ့အထိ စုစုပေါင်း ဆန်တန်ချိန် ၂.၂၅ သန်းကို တင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် တင်သွင်းခဲ့သည့် အရေအတွက် ဆန်တန်ချိန် ၂.၃၄ သန်းအောက် ၃.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ Source : Philippine Daily Inquirer, July 14, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)