တက်ဈေးဖြစ်နေသည့် စားတော်ပဲ

Powered by Drupal

              မြန်မာတို့၏ မနက်ခင်းထမင်းကြမ်းဝိုင်းတွင် ပဲပြုတ်သည် မပါမဖြစ်သည့် ဟင်းအမည် တစ်မျိုးဖြစ်သည်။ ပဲပြုတ်ကို ထမင်းပူပူလေးနှင့်ဖြစ်စေ၊ ထမင်းကြော်၊ ပလာတာ၊ အီကြာကွေးတို့နှင့် ဖြစ်စေ စားသုံးလေ့ရှိပါသည်။ ပဲပြုတ်ကို အလွယ်တကူ ဝယ်ယူနိုင်သော်လည်း အရသာကောင်းမွန် သည့် ပဲပြုတ်ကိုတော့ လွယ်လွယ်ကူကူနှင့်မရပါ။

              ပဲပြုတ်ကို စားတော်ပဲဖြင့်ပြုလုပ်ပါသည်။ စားတော်ပဲကို ရေထဲသို့လက်နှစ်ကြည့်လျှင် လက်အပူခံနိုင်သည့် ရေနွေးနွေလေးဖြင့် ၃ နာရီကြာအောင်စိမ်ရပါမည်။ ထို့နောက် စကာဖြင့် ရေစစ် ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေလောင်းပေးရပါသည်။ နောက်တစ်နေ့ ပဲအညှောင့်ပေါက်လာမှ ပြုတ်လို့ရပါသည်။ ပြုတ်သည့်အခါတွင် ပဲနှင့်ရေကို အတိဖြစ်အောင်ထည့်ရပါသည်။ ရေခမ်းသွား လျှင် ထမင်းအိုးနှပ်သလို မီးအေးအေးဖြင့် ရေခမ်းအငွေ့ထွက်အောင် ထားရပါသည်။ တစ်ချို့က ရေခမ်းလာလျှင် ဇကာနှင့်စစ်ပြီး ရေနွေးငွေ့ဖြင့်ပေါင်းသဖြင့် ပဲပေါင်းဟု ခေါ်သူတွေလည်း ရှိပါသည်။

              စားတော်ပဲကို ယခင် ပိဿာ ၃၀ တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရစဉ်က ပဲပြုတ် တစ်ဆယ်ကျပ်သားကို ၂၀၀ ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း၊ ယခုနှစ် သင်္ကြန်ကာလနောက်ပိုင်းတွင် စားတော်ပဲဈေး တအိအိတက်လာကြောင်း၊ ယခုအခါတွင် စားတော်ပဲ ပိဿာ ၃၀ တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ် ပေးရသဖြင့် ပဲပြုတ် ၁၀ ကျပ်သားကို ၅၀၀ ကျပ်ရောင်းပါကြောင်း ပဲပြုတ်သည် အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)