စီးပွားရေးလုပ်ငန်းရှင်၏ အခန်းကဏ္ဍ သိမှတ်စရာ

Powered by Drupal

            စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်း ကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်း နှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုပါသည်။ စီးပွားရေးလုပ်ငန်းများတွင် အသေးစား၊ အငယ်စား၊ အလတ်စား။ အကြီးစားလုပ်ငန်း စသည့်ဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ ရှိကြ ပါသည်။

          စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပတ်သက်သော စားသုံးသူ ကာကွယ်ရေးလုပ်ဆောင်မှုတို့ကို ဖော်ပြထားပါသည်။ စီးပွားရေးလုပ်ငန်းရှင်များက ကုန်စည်နှင့် ဝန်ဆောင်မှုကို စားသုံးသူတွေဆီသို့ နည်းလမ်းမျိုးစုံဖြင့် ရောင်းချခြင်း၊ ဝန်ဆောင်မှုပေးခြင်းတို့ လုပ်ဆောင်ရပါသည်။ ကုန်စည်ဆိုသည်မှာ စားသုံးသူကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း၊ ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ သို့မဟုတ် စားသုံးခြင်းပြုသော အရာဝတ္ထုကိုဆိုလိုပါသည်။ ယင်းစကားရပ်တွင် ငွေရေးကြေးရေးဆိုင်ရာ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း၊ အစုရှယ်ယာ၊ ငွေချေးလက်မှတ်၊ ငွေကြေးစသည့်ကိစ္စရပ်များ လည်းပါဝင်ပါသည်။ ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ၊ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကိုဆိုပါသည်။ ကုန်သွယ်မှုဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တန်ဖိုး သတ်မှတ်၍ အကျိုးအမြတ်ရရှိစေရန် ရည်ရွယ်ဆောင်ရွက်သော ပြုလုပ်မှုဖြစ်ပါသည်။

          စီးပွားရေးလုပ်ငန်းရှင်များသိရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်း(၁၀)၌ ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်တာဝန် (၁၁)ချက်ကို သိရှိထားပါမည်။ ထိုအချက်အလက် များမှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ် မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ် မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍      သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များက သတ်မှတ်ထားသည့်အရည်အသွေး စံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက် ပေးခြင်း၊ အရည်အသွေးစမ်းသပ်ရန်လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်း မပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူကဝယ်ယူအသုံးမပြုမီ သိရှိစေရန်အတိ အလင်း ဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားမည့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း၊ သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ အငြင်းပွားမှုကိုညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်း များဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းဖြင့်ဖြစ်စေ၊ စားသုံးသူအပေါ်ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမှုခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ထုတ်လုပ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတွင်ဘေးအန္တရာယ်ရှိကြောင်းကို မိမိကိုယ်တိုင်သော်လည်း ကောင်း၊ အခြားနည်းလမ်း တစ်ခုခုအရသော်လည်းကောင်းသိရှိလျှင် အဆိုပါအကြောင်းအရာအား ဦးစီးဌာနနှင့်စားသုံးသူများ ထံ အချိန်မီသိရှိနိုင်စေရန် လူထုဆက်သွယ်ရေးနည်းလမ်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများ ဖြင့်ဖြစ်စေ အသိပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့်ဆုံးဖြတ်ချက်ကို အလေး ထား လိုက်နာဆောင်ရွက်ရန်တို့ကို စီးပွားရေးလုပ်ငန်းရှင်များက တာဝန် ဆောင်ရွက်ရ မည်ဖြစ် ပါသည်။

          အချို့သောစီးပွားရေးလုပ်ကိုင်သူများမှာရည်ရွယ်ချက်နှင့်(Target)ပြည့်မီရေး၊ စွန့်ဦးတီထွင်  လုပ်ကိုင်ရေး၊ဈေးကွက်သို့စတင်ထိုးဖောက်လုပ်ကိုင်ရေး၊ ဈေးကွက်တင်ရောင်းချခြင်း (Marketing) ဆောင်ရွက်လုပ်ကိုင်ရေး၊ စားသုံးသူများလက်ခံအားပေးစေချင်သော စိတ်ဆန္ဒဖြင့်လုပ်ကိုင်ရေး မည်သည့်အကြောင်းအရာဖြင့် လုပ်ကိုင်သည့်စီးပွားရေးလုပ်ငန်းရှင်မည်သူမဆို စားသုံးသူ ကာကွယ်ရေးဥပဒေကို အဓိကထားပြီး လေ့လာသိရှိရမည်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များ က စားသုံးသူများအပေါ် လိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းကိစ္စရပ်များကို သတိမပျက်ရှောင်ကြဉ်ရန် အရေးကြီးလှပါသည်။

လိမ်လည်လှည့်ဖြားခြင်း

          လိမ်လည်လှည့်ဖြားခြင်းဆိုသည်က ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မှားယွင်းသောဖော်ပြခြင်းဖြင့်ဖြစ်စေ၊ မမှန်ကန်သောကြော်ငြာခြင်းဖြင့်ဖြစ်စေ၊ မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ စားသုံးသူက လွဲမှားစွာလက်ခံစေရန် ရည်ရွယ်၍ဆောင်ရွက်မှုဖြစ်ပါသည်။

ထင်ယောင်ထင်မှားဖြစ်ခြင်း

          ထင်ယောင်ထင်မှားဖြစ်ခြင်း ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သဘာဝအရည်အသွေးကိုဖြစ်စေ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းကိုဖြစ်စေ၊ ရည်ရွယ်ချက်ကို ဖြစ်စေ၊ အရေအတွက်ကိုဖြစ်စေ၊ စားသုံးသူကိုလွဲမှားယူဆမှုဖြစ်စေသောပြုလုပ်မှုကိုဆိုပါသည်။

ကြော်ငြာခြင်း

          ကြော်ငြာခြင်းဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စာဖြင့်ဖြစ်စေ၊ အမူအယာဖြင့်ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ စားသုံးသူသိရှိစေရန် ရည်ရွယ် ၍ဆောင်ရွက်မှုကိုဆိုပါသည်။

အရောင်းမြှင့်တင်ခြင်း

          အရောင်းမြှင့်တင်ခြင်းဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ များ ပိုမိုသိရှိနားလည်၍ အသုံးပြုမှုတိုးပွားလာစေရန်အလို့ငှာ နည်းလမ်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ၊ တစ်မျိုးထက်ပိုသောနည်းလမ်းဖြင့်ဖြစ်စေ ပြုလုပ်သည့်ဆောင်ရွက်မှုကိုဆိုပါသည်။

ကုန်အညွှန်းအမှတ်အသား

          ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှုအပြင် အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ၊ ဖော်ပြ ထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့်အချက်အလက် သို့မဟုတ် အမှတ်အသားကို ဆိုလိုခြင်း ဖြစ် ပါသည်။

          စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အသေးစိတ်အချက်အလက်တို့မှာ (က)ကုန်စည်၏တံဆိပ် အမှတ်အသား၊ (ခ)ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊  ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ (ဂ) ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံး      

သည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ (ဃ) ပြည်တွင်းသို့တင်သွင်းလာသည့်ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ (င) ထုတ်လုပ်သည့် နေရာ သို့မဟုတ် ပြည်ပမှ ကုန်စည်များတင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ (စ) ကုန်စည် တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပစ္စည်းများ၏ပမာဏပါဝင်မှုအချိုးအစား၊           (ဆ) ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ (ဇ) သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက် အလက်များဖြစ်ပါသည်။

          ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်း(၂၃) တားမြစ်ချက်များအကြောင်းကို လေ့လာမှတ်သားသိရှိထားရန် ဖော်ပြပေးစေချင်ပါ သည်။

ပုဒ်မ ၆၃ တွင် စီးပွားရေးလုပ်ငန်းရှင် မည်သူမျှကြော်ငြာခြင်းမပြုရ-

          ပုဒ်မ ၆၃ တွင် စီးပွားရေးလုပ်ငန်းရှင် မည်သူမျှကြော်ငြာခြင်းမပြုရန် ကြော်ငြာအမျိုးအစား (၆)မျိုးကိုဖော်ပြပါမည်။ (က)ကုန်စည်အရည်အသွေး၊အရေအတွက် ပါဝင်သောပစ္စည်းများ၊ အသုံး ပြုပုံ၊ ဈေးနှုန်း၊ ဝန်ဆောင်မှုနှုန်းထားနှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့် အချိန်တို့နှင့်စပ်လျဉ်း၍လိမ်လည်လှည့်ဖြားခြင်း ပြုထားသောကြော်ငြာများ၊ (ခ)ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံပေးထားမှုနှင့်စပ်လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်းပြုထားသော ကြော်ငြာများ၊ (ဂ)ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်း အချက်အလက်များပါဝင်သည့်ကြော်ငြာများ၊ (ဃ)ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြု ခြင်းဖြင့် အန္တရာယ်ရှိမှုကို အသိပေးခြင်းမရှိသော ကြော်ငြာများ (င) သက်ဆိုင်သူ၏ခွင့်ပြုချက်    မရရှိဘဲ တစ်စုံတစ်ဦး သို့မဟုတ် အဖြစ်အပျက်တစ်ခုအပေါ် အသုံးပြုထားသော ကြော်ငြာများ၊      (စ) တည်ဆဲဥပဒေများ၊ လူမှုကျင့်ဝတ်များနှင့် ကိုက်ညီမှုမရှိသည့်ကြော်ငြာများတို့ဖြစ်ကြပါသည်။

ပုဒ်မ ၆၄ ပါဖော်ပြချက်တွင် စီးပွားရေးလုပ်ငန်းရှင်မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းအခြေအနေတစ်ခုခုဖြင့် အရောင်းမြှင့်တင်ရန်မပြုရ-

          ပုဒ်မ၆၄ပါဖော်ပြချက်တွင် စီးပွားရေးလုပ်ငန်းရှင်မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု

နှင့်စပ်လျဉ်းအခြေအနေတစ်ခုခုဖြင့် အရောင်းမြှင့်တင်ရန် မပြုရသည့်အချက်များမှာ (က) သတ်မှတ်ထားသောကာလအတွင်းကြော်ငြာထားသောပမာဏ၊ အရေအတွက်အတိုင်းရောင်းချရန် အစီအစဉ်မရှိဘဲ ကုန်စည်ကို အချိန်ကာလတစ်ခုအတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချရန်ကမ်းလှမ်း ခြင်း၊ (ခ)ကုန်စည်တစ်ခုကို ဆုကြေးအနေဖြင့်ပေးရန် သို့မဟုတ် အခမဲ့ဝန်ဆောင်မှုပေးရန် ကတိပြု ထားသော်လည်း အမှန်တကယ်ပေးအပ်နိုင်ခြင်းမရှိဘဲ၊ ရောင်းချရန်ကမ်းလှမ်းခြင်း၊ (ဂ) စားသုံးသူ ၏ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ အနှောက်အယှက်ဖြစ်စေမည့်နည်းလမ်းတစ်ခု ခုဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းချရန်ကမ်းလှမ်းခြင်းအား အရောင်းမြှင့်တင်ခြင်း မပြုရန်ဖြစ်ပါသည်။

ပုဒ်မ ၆၅ ဖော်ပြချက်တွင် စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းအခြေအနေတစ်ခုခုဖြင့် ထင်ယောင်ထင်မှားဖြစ်စေခြင်းမပြုရ-

          ပုဒ်မ ၆၅ ဖော်ပြချက်တွင် စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း အခြေအနေတစ်ခုခုဖြင့် ထင်ယောင်ထင်မှားဖြစ်စေခြင်းမပြုရန်မှာ (က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ပြုပြင်မွမ်းမံပြီး သို့မဟုတ် ပြုပြင်ပြောင်းလဲပြီးမှ ရောင်းချခြင်း  (ခ) သတ်မှတ် စံချိန်စံညွှန်း၊ အရည်အသွေးတို့နှင့် ကိုက်ညီသည်ဟု မမှန်မကန်ဖော်ပြခြင်း၊        (ဂ) နောက်ဆုံးသုံးစွဲရမည့် ရက်စွဲကျော်လွန်နေသော ကုန်စည်ကို ပြုပြင်မွမ်းမံ၍ရောင်းချခြင်း၊ (ဃ) အမျိုးအစားအရည်အသွေးနိမ့်ကုန်စည်ကို ရောနှောရောင်းချခြင်းနှင့်အမျိုးအစားမတူ စားသုံး ရန်မသင့်သောကုန်စည်ကို ရောနှောရောင်းချခြင်းဖြစ်ပါသည်။

ပုဒ်မ ၆၆ တွင် စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းအခြေအနေတစ်ခုခုဖြင့် လိမ်လည်လှည့်ဖြားမှုမပြုရ-

          ပုဒ်မ ၆၆ တွင် စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းအခြေအနေတစ်ခုခုဖြင့် လိမ်လည်လှည့်ဖြားမှုမပြုရပါ၊ (က)အသုံးမပြုနိုင်သော သို့မဟုတ် မရရှိနိုင်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း၊ (ခ) အပြစ်အနာအဆာ၊ ချို့ယွင်းချက်များ ကို ဖုံးကွယ်ထားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း၊ (ဂ) အခြားသောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ချိုးနှိမ်ဖော်ပြခြင်း၊       (ဃ) ကုန်စည် 

သို့မဟုတ် ဝန်ဆောင်မှုတွင် ပါဝင်ရမည့် သတင်းအချက်အလက်များကို ပြည့်စုံခိုင်မာမှုမရှိဘဲ ချဲ့ကားဖော်ပြမှုများကို အသုံးပြုခြင်း (င) ကမ်းလှမ်းထားသော ကုန်စည်မဟုတ်ဘဲ အခြားကုန်စည် ကိုအစားထိုးရောင်းချခြင်း၊ (စ) အရောင်းမြှင့်တင်ရောင်းချခြင်းမပြုမီ ဈေးနှုန်းများကိုတိုးမြှင့်ခြင်း၊ (ဆ) အသုံးပြုလိုသော ကုန်စည်တစ်ခုကို ဝယ်ယူရာတွင် ခိုင်လုံသောအကြောင်းပြချက်တစ်ခု တစ်ရာမရှိဘဲ စားသုံးသူမလိုအပ်သော အခြားကုန်စည်တစ်ခုနှင့်တွဲဖက်ရောင်းချခြင်းစသည့် အချက်အလက်များဖြစ်ပါသည်။

          အထက်ဖော်ပြပါ တားမြစ်ချက်များ ပုဒ်မတစ်ခုချင်းစီတွင် အချက်အလက်အသေးစိတ်များ လေ့လာမှတ်သားစရာများဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အဆင် ပြေချောမွေ့စေရန်နှင့် ရေရှည်အောင်မြင်မှုများရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်ပညာရှင်များ    ဗဟုသုတ ရရှိပါစေကြောင်းဆန္ဒပြုလျက် စားသုံးသူကာကွယ်ရေးမှ စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍအား ကောက်နုတ်တင်ပြလိုက်ပါသည်။

DOCA(မွန်)