စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင် ဦးဆောင်၍ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၃၀) ဦးအား စားသုံးသူကာကွယ်ရေးဉပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးဒေါ်မေမြတ်ခိုင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက ဌာနအကြောင်း မိတ်ဆက်ပြောကြားကာ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဉပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ က ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ ဖြင့် ပြဌာန်းခဲ့ပြီး အခန်း ၂၅ ခန်း၊ ပုဒ်မ ၈၄ခု ပါဝင် ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁)ပါ အမည်နှင့် အဓိပ္ပါယ် ဖော်ပြချက်များ၊ အခန်း(၂)ပါ စားသုံးသူကာကွယ်ရေးဉပဒေ ပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ အခန်း (၂၀)ပါ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ အခန်း(၂၃)ပါ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း သိကောင်းစရာများကိုအကျယ်တဝင့် Power Point Slide များဖြင့် ရှင်းလင်း ဆွေးနွေးပြီး ဤကျောင်း၌ပညာသင်ကြားနေသော ဆရာ/ဆရာမများ အနေဖြင့် ဘွဲ့ရရှိပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်ပါက မိမိတို့၏တပည့်များကို စားသုံးသူကာကွယ်ရေး ဥပဒေ၊ နည်းဥပဒေများကို တစ်ဆင့်ပြန်လည်ဖြန့်ဝေ ပေးစေလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ အောင်မြင်ရန် တစ်ဦးတစ်ယောက်တည်း/ ဌာနတစ်ခုတည်းဆောင်ရွက်၍ မရပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင် များအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ သို့ပါ၍ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေး စားသုံးသူပြည်သူများအားလုံး စားသုံးသူကာကွယ်ရေးဥပဒေဆိုသည့် ထီးရိပ်အောက်မှာ ခိုလှုံကြဖို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း