
ထိုင်းနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စားသုံးသူဈေးကွက်သို့ ထိုးဖောက်ရန် ရည်ရွယ်ချက်ဖြင့် မန်ကျည်းအချိုသီး အပါအဝင် အရည်ရွှမ်းသော ကျွဲကောသီးများအထိ ၎င်း၏ အရသာအရှိဆုံး ပို့ကုန်များကို တရုတ်ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ၏ အရေးကြီးသော ပထဝီဒေသဆိုင်ရာအညွှန်း (GI) အသိအမှတ်ပြုလက်မှတ်ရ ထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ထောက်ခံချက်နှင့် တင်သွင်းခြင်းလုပ်ငန်းစဉ် များကို အရှိန်အဟုန်မြှင့်တင်ရန် ပေကျင်းရှိ အဓိကကုန်သွယ်ရေးအေဂျင်စီအား တိုက်တွန်းလျက် ရှိသည်။
ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် Ekachat Seetavorarat ဦးဆောင်လျက် ထိုင်းကုန်သည်ကြီးများအသင်းနှင့် ထိုင်းစက်မှုလုပ်ငန်း များအဖွဲ့ချုပ် (FTI) တို့မှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) နှင့် အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်ဆွေးနွေးရန် အတွက် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ သည်။
Mr. Ekachat သည် CCPIT ၏ ဥက္ကဋ္ဌ Ren Hongbin နှင့် တွေ့ဆုံရာ၌ ကုန်သွယ် ဆက်ဆံရေးများ ပိုမိုအားကောင်းလာစေရန်နှင့် ထိုင်း GI စိုက်ပျိုးရေးထုတ်ကုန်များ တရုတ်နိုင်ငံ တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် မြန်ဆန်စေရန် တိုက်တွန်းခဲ့ကြောင်း၊ ၎င်းအနေဖြင့် ထိုင်းနှင့် တရုတ်လုပ်ငန်းများအကြား ချိတ်ဆက်ပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်းများ အားကောင်းစေရန်အတွက် CCPIT ၏ အရေးပါသောအခန်းကဏ္ဍကို အလေးထား ပြောကြားခဲ့ ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၌ မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသော အမြင့်မားဆုံးဝယ်လိုအားရှိသည့် ထိုင်း GI ထုတ်ကုန်များမှာ Thung Kula Rong Hai ပြည်နယ်မှ ထိုင်းစပယ်ဆန်၊ Phetchabun ပြည်နယ်မှ မန်ကျည်းအချိုသီး၊ Pak Panang ပြည်နယ်မှ Tabtimsiam ကျွဲကောသီး၊ Prachin Buri ပြည်နယ်မှ ဒူးရင်းသီးနှင့် Ratchaburi ပြည်နယ်မှ အုန်းချိုမွှေးတို့ဖြစ်ကြသည်။
မှတ်ပုံတင်ခွင့်ပြုချက်ရရှိပါက CCPIT လက်အောက်ရှိ တရုတ်ကုန်သွယ်ရေးအဖွဲ့များသည် အဆိုပါထုတ်ကုန်များကို ပြည်တွင်းဖြန့်ဖြူးရန်အတွက် တိုက်ရိုက်တင်သွင်းလိမ့်မည်ဟု ဝန်ကြီး ဌာနအနေဖြင့် မျှော်လင့်ကြောင်း Mr. Ekachat က ပြောကြားခဲ့သည်။
သစ်သီးနှင့် ဆန်များအပြင် ထိုင်းနိုင်ငံသည် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု အားကောင်းစေ ရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းမှုတစ်ခုအဖြစ် အထူးသဖြင့် ကျေးလက်ဒေသများတွင် ခေတ်မီ လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေး တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှုကို ရရှိရန်လည်း ကြိုးပမ်းလျက်ရှိသည်။
ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပေကျင်းတွင် ကျင်းပမည့် တရုတ်နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲ (CISCE) တွင် ထင်မြင်ချက်ကောင်း ရရှိစေရန် စီစဉ်ထားကြောင်း၊ အဆိုပါပြပွဲသည် ထိုင်းနိုင်ငံ၏ ပထမဆုံးပါဝင်မှုဖြစ်ပြီး ဆန်၊ ပီလောပီနံ၊ ရာဘာနှင့် သစ်သီးတင်ပို့မှုများတွင် ဆန်းသစ်တီထွင်မှုများအပါအဝင် အစိမ်းရောင်စိုက်ပျိုးရေးနည်းပညာများကို ပြသမည်ဖြစ်ကြောင်း The Nation သတင်းစာက ဖော်ပြခဲ့သည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သည့် ထိုင်းအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန (DITP) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Pornvit Sila-On က အာရှစီးပွားရေး အင်အားကြီးနိုင်ငံ ၂ နှစ်ခုအကြား ကုန်သွယ်ရေးပြပွဲများတွင် တစ်ပြိုင်နက်တည်းပါဝင်ခြင်းနှင့် ၂ နိုင်ငံအကြား အရှိန်အဟုန်မပျက်စေရန် ပူးပေါင်းမြှင့်တင်ရေး လှုပ်ရှားမှုများ ပြုလုပ်ရန် ကာလရှည် ဗျူဟာတစ်ခုကို CCPIT သို့ အဆိုပြုခဲ့သည်။
Source: The Thaiger, July 18, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)