စဉ်ဆက်မပြတ်ကုန်သွယ်ရေးကြီးထွားရန် ဗီယက်နမ်နှင့်ပါကစ္စတန်ကြိုးပမ်း

Powered by Drupal

    ဗီယက်နမ်နှင့် ပါကစ္စတန်တို့သည် ကနဦးဆောင်ရွက်မှုအသစ်များကိုအဆင့်မြှင့်တင်ရန်နှင့် စဉ်ဆက်မပြတ်ကုန်သွယ်ရေးကြီးထွားရန်အတွက် ၎င်းတို့၏ကတိကဝတ်ပြုမှုကို ဇူလိုင်လ ၁၁ ရက်နေ့ကဟနွိုင်းတွင်ကျင်းပခဲ့သည့် ၅ ကြိမ်မြောက် ဗီယက်နမ်-ပါကစ္စတန် ကုန်သွယ်ရေး ပူးတွဲ ဆပ်ကော်မတီ အစည်းအဝေးတွင်ထပ်မံအတည်ပြုခဲ့ပါသည်။ ထိုအစည်းအဝေးကိုဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေး ဒုတိယဝန်ကြီး Phan Thi Thang နှင့် ပါကစ္စတန်စီးပွားကူးသန်းဝန်ကြီး ဌာန၏ အတွင်‌ရေးမှူး Nasir Hamid တို့ကပူးတွဲဥက္ကဌအနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရ ပါသည်။ Thang က ပူးတွဲဆပ်ကော်မတီသည် ပြသနာများကိုဖြေရှင်းရန်၊ ကနဦးပူးပေါင်း ဆောင်ရွက်မှုများအားကောင်းရန်နှင့် အနာဂတ်တွင်နှစ်နိုင်ငံကုန်သွယ်ရေး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံထိရောက်ရှိရန် အတွက်ဥပဒေမူဘောင်ထူထောင်ရန် ထိရောက်သောစင်မြင့်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစည်းအဝေးကျင်းပရသည့်အဓိကအကြောင်းအရင်းမှာ အကောက်ခွန်များလျှော့ချခြင်း၊ ဈေးကွက်လမ်းကြောင်းလွယ်ကူချောမွေ့စေခြင်း နှင့် အနာဂတ်တွင်လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ရရှိရန်အတွက် အခြေခံအုတ်မြစ် တည်‌ထောင်ရန် Preferential Trade Agreement အပေါ်ဆွေးနွေးမှုများ အရှိန်မြှင့်တင်ရန် ဖြစ်ကြောင်း သိရပါသည်။ နှစ်ဖက်စလုံးသည် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များအပြန်အလှန် စေလွှတ်ခြင်းနှင့် ပူးတွဲကုန်စည်ပြပွဲများကျင်းပခြင်းတို့ပါဝင်သော ကုန်သွယ်မှုမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့်ပတ်သတ်၍ မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ဗီယက်နမ်က ပါကစ္စတန်ကို နည်းစနစ်အတားအဆီးများဖယ်ရှားရန်၊ အုပ်ချုပ်မှုလုပ်ငန်းစဉ်များ လွယ်ကူရိုးရှင်း ရန်နှင့် Pangasius ငါး ( ဗီယက်နမ်ငါးတန်)၊ ငရုတ်ကောင်းနှင့် လက်ဖက်အစရှိသည့် ဗီယက်နမ် ကုန်ပစ္စည်းများအပေါ် သွင်းကုန်အကောက်ခွန်များ လျှော့ချပေးရန်တောင်းဆိုခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံသည် ဟာလာအသိအမှတ်ပြုခြင်းနှင့်ပတ်သတ်၍ နည်းစနစ်ပိုင်း ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန်သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ Hamid ကသက်ဆိုင်ရာ အာဏာပိုင်များနှင့် စီးပွားရေးအသိုက်အဝန်းကြား တက်ကြွစွာစေ့စပ်ဆောင်ရွက်မှုနှင့်အတူ ဗီယက်နမ်-ပါကစ္စတန်ကုန်သွယ်ရေးချိတ်ဆက်မှုသည် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်လျှက်ရှိပြီး နှစ်နိုင်ငံလုံးမှ ခေါင်းဆောင်များနှင့် ပြည်သူများမျှော်လင့်ချက်များနှင့် ပြည့်မီလျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးသည် အမေရိကန် ဒေါ်လာ သန်း ၈၅၀ ထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၀.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။

Vietnam Plus                                                                  

DOCA (ရန်ကုန်)