ပခုက္ကူမြို့၏ သကြားပြောင်းဖူးဈေးနှုန်းဈေးကွက်

Powered by Drupal

   သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာအဖြစ် အမယ်မျိုးစုံပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ ရာသီအလိုက် သီးထပ် စိုက်ပျိုးလျက်ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့လည်း သကြားပြောင်းဖူးစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများအပြင် မြစ်ခြေ၊ ကမ္မမြို့များနှင့် အခြားမြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက် ညဉ့်၊ အောက်ညဉ့်၊ သစ်ထောက်ကျွန်းကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုဇူလိုင်လ (ဒုတိယပတ်)တွင် ဈေးကွက်သို့ သကြားပြောင်းဖူးများ ဝင်ရောက်မှုနည်းပြီး ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။
   သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ပြောင်းဖူး အရွယ် အစား၊ အစေ့ အကြီးအသေးအောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်၍ သကြားပြောင်းဖူးစိမ်း တစ်ဖူးလျှင် လက်ကားဈေး ကျပ်(၃၅၀-၄၀၀)၊ လက်လီဈေးတစ်ဖူးလျှင် ကျပ်(၅၀၀-၆၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် ဇွန်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက သကြားပြောင်းဖူး တစ်ဖူး လျှင် ကျပ်(၅၀)ခန့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ခင်းများမှ ယခုအချိန်တွင် မြစ်ရေတက်ချိန်ဖြစ်၍ စိုက်ပျိုးမှု မရရှိသေး၍ ဧရာဝတီတံတားအနီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ မှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပြောင်းဖူးသည် လူ့ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံတစ်မျိုးဖြစ်၍ ဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် နေ့စဉ် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ အကြော်ဆိုင်များ၊ အသုပ် မျိုးစုံဆိုင်များမှ ဝယ်ယူမှုများကြောင်း သိရှိရသည်။

DOCA(မကွေး)