ဆိပ်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ(မိုး)မြေပဲများ စတင်စိုက်ပျိုး

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ မိုးမြေပဲနှင့်ဆောင်းမြေပဲစိုက်ဧက (၇၀၀၀)ခန့် နှစ်စဉ်စိုက်ပျိုးကြောင်း၊ ရေမြေရာသီဥတုကောင်းမွန်သည့်အတွက် ဒေသခံတောင်သူ များသည် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးကို အထောက်အကူဖြစ်စေသည့် ဆီထွက်သီးနှံမြေပဲကို အဓိကထား၍ နှစ်စဉ်စိုက်ပျိုးကြကြောင်း သိရှိရ သည်။ ဆိပ်ဖြူမြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ရွာသစ်၊ ကိုးထောင့်၊ ချင်တောင်၊ အောက်ဆိပ်၊ မြင်ကဝ၊ ဆူးလေကုန်းကျေးရွာများ၊ ကုန်းတွင်းပိုင်းဒေသများရှိ ကူရှည်၊ ရွာမ၊ အလယ်စု၊ တပေါင်း၊ လိပ်ခြံ၊ လက်ဆည်၊ အုန်းမှင်ကျေးရွာများနှင့် အခြားကျေးရွာများတွင် “မိုး”မြေပဲကို စိုက်ဧက (၅၀၀၀)ခန့် စိုက်ပျိုးကြောင်း သိရှိရသည်။

“မိုး”မြေပဲကို ဇွန်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာ၊ နိုဝင်ဘာလတွင် တူးဖော် ရိတ်သိမ်းကြောင်း၊ မျိုးအနေဖြင့် မြေပဲလုံးဆံ(အဖြူ) S1 အတောင့်သေးမျိုးကို စိုက်ပျိုး၍ မြေပဲ မျိုးစေ့ တစ်ပြည်လျှင် ကျပ်(၁၀၀၀၀)၊ အဆံတစ်တင်းလျှင် ကျပ်(၁၆၀၀၀၀)ဈေးဖြင့် ဝယ်ယူစိုက်ပျိုး ရပြီး တစ်ဧကလျှင် မျိုးစေ့(၂)တင်းခန့် ကုန်ကျကြောင်း၊ နွားရှဉ်းဖြင့် ထွန်ချောင်းဆွဲ၍ အလုပ် သမားငှားပြီး မြေပဲအစေ့ချပြီး ပင်ကြားတန်းကြား ၅ လက်မအကွာထား၍ စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် အလုပ်သမား(၇)ဦး၊ နွားရှဉ်း(၃)ရှဉ်းဖြင့် စိုက်ပျိုးရပြီး အလုပ်သမားတစ်ဦးလျှင် တစ်မနက် ကျပ် (၄၀၀၀)၊ နွားတစ်ရှဉ်း ကျပ်(၂၅၀၀၀)၊ ထွန်စက်ခုတ်ခ တစ်နာရီ ကျပ်(၇၀၀၀၀)ဖြင့် ငှားရမ်းစိုက်ပျိုးရ၍ ထုတ်လုပ်မှုကုန်ကျစရိတ်တစ်ဧက ကျပ်(၁၁၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က မြေပဲ တစ်ဧက ကုန်ကျစရိတ် ကျပ်(၉၀၀၀၀၀)ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တောင်သူတစ်ဦး မြေပဲတင်း(၃၅ မှ ၄၅ တင်းထိ)ထွက်ရှိကြောင်း၊ ဒေသခံတောင်သူများသည် စိုက်ခင်းထွက်မြေပဲများကို အတောင့်လိုက်ရောင်းချမှုနည်းပြီး ထုခွဲ၍ အဆံကိုသာ ရောင်းချမှု များကြောင်း၊  မြေပဲဆံ တစ်ပြည်လျှင် ကျပ်(၉၅၀၀-၁၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ငွေကျပ် (၁၀၀၀၀၀၀)ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဆီစက် လုပ်ငန်းရှင်များ၊ ပဲပွဲရုံများနှင့် ချောက်မြို့ပေါ်ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခု ပေါက်ဈေး ဇူလိုင်လ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်သည့် မြေပဲဈေးနှုန်းမှာ မြေပဲဆံတစ်ပြည် လျှင် ကျပ်(၉၅၀၀-၉၁၀၀-၈၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပြည်သူများသည် ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီကို ဝယ်ယူစားသုံးမှုများ၍ ဒေသတွင်း ဆီစက်လုပ်ငန်းရှင် များမှ မြေပဲအဝယ်လိုက်၍ ဈေးကွက်ခိုင်မာမှုရရှိလျက်ရှိသည်။ တောင်သူများအနေဖြင့်လည်း ဆီထွက်သီးနှံမြေပဲစိုက်ပျိုးခြင်းဖြင့် မိသားစုစားသုံးဆီဖူလုံမှုရရှိသည့်အပြင် အကျိုးအမြတ်ရရှိခြင်း ကြောင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုး လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)