
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မနှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နှစ်ရှည်သီးနှံဩဇာပင်ကို ဥယာဉ်ခြံမြေများ၊ စိုက်ခင်း များ နေအိမ်ခြံစည်းရိုးများတွင် အများဆုံး စီးပွားဖြစ် စိုက်ပျိုးကြသည်။ မြိုင်မြို့နယ်တွင် စီးပွားဖြစ် အများဆုံးစိုက်ပျိုးပြီး သနပ်ခါးစိုက်ခင်းများ စည်းရိုးတန်းတွင် စိုက်ပျိုးမှု များကြောင်း သိရှိရသည်။
ဩဇာပင်ကို မိုးဦးကျကာလများဖြစ်သည့် ဇွန်လနှင့်ဇူလိုင်လများတွင် စိုက်ပျိုးပြီး (၅)နှစ် သက်တမ်းအကြာတွင် အသီးများ စတင်ဆွတ်ခူးရကြောင်း၊ မျိုးအနေဖြင့် ဩဇာသီး အညိုရောင်နှင့် အစိမ်းရောင်နှစ်မျိုးရှိပြီး အစိမ်းရောင်မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ဩဇာ စေ့ကို ပျိုးထောင်၍ (၆)လသားအရွယ်တွင် ကျင်းဖွဲ့ပြီး မြေဆွေးများထည့်၍ ရေလောင်းနှပ်ထားပြီး စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် ပင်ကြားတန်းကြား(၈)ပေအကွာစိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် ဩဇာပင်(၂၅၀)ခန့် စိုက်ပျိုးနိုင်ကြောင်း၊ ဩဇာပင်သည်နှစ်ရှည်သီးနှံဖြစ်သောကြောင့် နှစ်စဉ်ပြုစု ပျိုးထောင်ရပြီး အသီးဆွတ်ခူးရသည်အထိ တစ်ဧက သိန်း(၄၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် ဩဇာတစ်ပင်လျှင် အလုံးရေ(၃၀) မှ (၅၀) ထိ ထွက်ရှိပြီး တစ်ဧကဩဇာသီးအလုံးရေ (၁၅၀၀၀ မှ ၂၀၀၀၀) ဝန်းကျင် ထွက်ရှိကြောင်း၊ တောင်သူတစ်ဦးချင်းအနေဖြင့် စိုက်ပင်ပြုစုပျိုး ထောင်မှုအပေါ်မူတည်ပြီး သီးနှံဖြစ်ထွန်းအောင်မြင်မှု ကွာခြား၍ အထွက်နှုန်းမှာလည်း မတူညီ ကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်(ဒုတိယပတ်)တွင် ဩဇာသီးအလုံးအကြီးအသေးပေါ် မူတည်၍ တစ်လုံးလျှင် ကျပ်(၁၅၀၀-၁၀၀၀)၊ တစ်ပိဿာလျှင် ကျပ်(၆၀၀၀-၅၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့၊ မြို့မဈေးကြီးနှင့် မြို့ပေါ်ရှိ သစ်သီးအရောင်းဆိုင်များသို့ တင်ပို့ရောင်းချပြီး တစ်ဧကလျှင် ကျပ်သိန်း(၃၀)ခန့် အကျိုးအမြတ် ရရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ခြင်းကြောင့် ဩဇာသီးအထွက်နှုန်းကောင်းပြီး ဈေးကွက်ကောင်းမွန် သည့်အတွက် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိ၍ တောင်သူအဆင်ပြေ ကြောင်း သိရှိရသည်။
DOCA(မကွေး)