
ကနစိုးသီးမိုးတွင်းတွင်ပေါ်သောအသီးဖြစ်ပြီး အထက်နှင့်အောက်မြန်မာပြည် မိုးများသော ဒေသ များတွင်ပေါက်ရောက်ပါသည်။ ကနစိုးသီးကို အင်္ဂလိပ်လူမျိုးတို့က မြန်မာ စပျစ်သီး ဟုခေါ်ဆိုကြကြောင်း သိရှိရပြီး ဒေသခံများက ဘုံဇာသီး၊ ဗုံမပါသီး ဟုလည်း ခေါ်ဆိုကြ ကြောင်းသိရပါသည်။ အခိုင်လိုက်သီးပြီး အရည်ရွှမ်းသည့်အသီးဖြစ်ကာ အသီးတွင် အမျိုးအစား အရောင်(၃)မျိုးရှိကြောင်းလည်းသိရှိရပါသည်။ ကနစိုးသီးသည် မမှည့်သေးမှီအချိန်တွင် အစိမ်း ရောင်ရှိ၍ မှည့်သောအခါဝါလာပါသည်။ အခွံဝါအတွင်း ရှိနှင်းဆီရောင်ဖျော့ဖျော့အမြွှာ(၃)ခုကို လူတို့စားသုံးကြသည်။ အမြွှာများတွင် အစေ့တစ်စေ့စီပါရှိပါသည်။ ကနစိုးသီးတွင် အချို(သို့မဟုတ်) အချဉ်မျိုးဟူ၍ နှစ်မျိုးထင်ရှားရှိပါသည်။ မြန်မာနိုင်ငံတွင်အချဉ်မျိုးများသာပေါကြောင်းသိရပါသည်။ ကနစိုးသီးကိုပြည်ဈေးကွက်တွင် ရောင်းချသောဈေးနှုန်းများမှာ (၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)သားလျှင် (၄၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်ဖြင့် မွန်ပြည်နယ်၊ ရေးမြို့က ထွက်ရှိသော ကနစိုးသီးများကို ဈေးကြီး၊ မြို့မဈေးများတွင် ရောင်းချကြ ကြောင်းသိရပါသည်။
DOCA(ပဲခူး)