ကယားမက်ခါသီး ဈေးကောင်းလျက်ရှိ

Powered by Drupal

            မက်ခါသီးသည် ကယားလူမျိုးစု၏မရှိမဖြစ် အသုံးပြုသည့် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်သည်။  မက်ခါသီးကို ကယားပြည်နယ်၏ ကယားလူမျိုးများအများစုနေထိုင်ရာ လွိုင်ကော်မြို့ နယ် ချိကယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါး၊ ဒေါရောက်ခူ၊ ဒေါတမကြီး၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာများတွင် တပိုင်တနိုင်စိုက်ပျိုးကြပါသည်။ မက်ခါသီးကိုဒေသအလိုက်အခေါ်အဝေါ်များရှိပြီး မြန်မာအခေါ် (သီဟရာဇာ)၊ ကချင်အခေါ် (ဂျင်ဗောင်ဂလ)၊ ကယားအခေါ်(မက်ခါသီး)၊ တရုတ်အခေါ် (ချွှမ်းဝှားကျောင်း) စသည့်အမျိုးမျိုးခေါ်ဝေါ်ကြပြီး တရုတ်ပြည်မကြီး ချွှမ်းဒေသလူမျိုးများက မက်ခါသီးကို အကြော်အနှပ်၊ အသားကင်များတွင် မပါမဖြစ် ဟင်းခတ်အမွှေးအကြိုင် အဖြစ်သုံးစွဲ ကြပါသည်။ မက်ခါသီးသည် တစ်နှစ်လျှင်(၆)လတစ်ကြိမ်သီးပြီး ဇူလိုင်လ ဆန်းပိုင်းမှစ၍ မတ်ခါသီး စပေါ်ပြီး မက်ခါသီးအစိမ်းကို အသားများ၊ အူများ အညှီနံ့ပျောက်စေရန် ထည့်ပြုတ်ခြင်းဖြင့် သားငါး အညှီနံ့ပျောက်ကြောင်း၊ ရင့်မှည့်သည့်မက်ခါသီးများကိုခူး၍ အခြောက်လှမ်းပြီး အသီးများခြောက်သွေ့သွားလျှင် အမှုန့်ပြုလုပ်၍ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပါသည်။ မက်ခါသီး အရသာမှာ ငရုပ်ကောင်းနှင့်ဆင်တူ၍ ၎င်းအရသာက လျှာကို ထုံပြီး ပူရှိန်း ပူရှိန်းဖြစ်ပြီး ငရုတ်ကောင်းထက်ပို၍ ပိုထုံသောကြောင့် တိုင်းရင်းသားလူမျိုးများ ဒေသ ဟင်းခတ်အမွှေးအကြိုင် အဖြစ် နှစ်ခြိုက်စွာသုံးစွဲကြပါသည်။ ကယား/ကယန်းလူမျိုးများက မက်ခါသီးကို ဟင်းချက်ရာတွင်လည်း ကောင်း၊ ရိုးရာ ကယား/ကယန်းဆန်ပြုတ်၊ ကယား/ကယန်း ဝက်အူချောင်း၊ ကယားတာလပေါ့ဟင်း၊ ပဲပုပ်ထောင်း၊ အသားဟင်းများတွင် မက်ခါသီးမှုန့်ထည့်ခြင်းဖြင့် အသားအရသာပို ကောင်းမွန်ပြီး အညှီနံ့လည်းပျောက်စေသဖြင့် မက်ခါသီးမှာရိုးရာဟင်းလျာတို့၏ အဓိကကျသော အသီးတစ်မျိုးဖြစ်၍ ဈေးကွက်တွင်လည်း မက်ခါသီး အသီးအစို၊ အခြောက်၊ အမှုန့် ဈေးကောင်းလှပြီး ယခုနှစ်လက်ရှိ မက်ခါသီးခြောက်နို့ဆီဘူး တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ အမှုန့်တစ်ဘူး လျှင်(၁၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ယခင်နှစ် မက်ခါသီးခြောက်နို့ဆီဘူးတစ်လုံးလျှင် (၁၅၀၀) ကျပ်၊အမှုန့်တစ်ဘူးလျှင်(၁၀၀၀)ကျပ်သာရှိခဲ့ပြီး ယခင်နှစ်နှင့်ယခုနှစ်နှိုင်းယှဉ်လျှင်မက်ခါသီးခြောက် နို့ဆီဘူး တစ်လုံးလျှင် (၁၀၀၀) ကျပ်၊ အမှုန့်တစ်ဘူး လျှင်(၅၀၀)ကျပ်ခန့်ဈေးနှုန်း မြှင့်တက်လာကြောင်း၊ဈေးနှုန်းမြှင့်တက်လာရခြင်းမှာဒေသတွင်းတွင်လမ်းပန်းဆက်သွယ်ရေးခတ်ခဲမှုများ အနည်းငယ်ရှိခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးရှိ မက်ခါသီးရောင်းချသူတစ်ဦးထံမှ သိရပါ သည်။

DOCA(ကယား)