
ကမ္ဘောဒီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် လျှပ်စစ်ကား (EV) ကဏ္ဍတွင် ပူးပေါင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုရှာဖွေနေပြီး ကမ္ဘောဒီးယားရှိ EV အားသွင်း အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား လုပ်ဆောင်လျက်ရှိသည်။ တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့ တွင်ကျင်းပသည့် World Asia Expo 2025 ၌ကျင်းပသည့် Battery Show Asia 2025 ဆွေးနွေးပွဲတွင် အဆိုပါအစီအစဉ်ကိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ပူးပေါင်းရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (CCC) ၏ ဒုတိယဥက္ကဌ Chang Chivinh ဦးဆောင်သော ကမ္ဘောဒီးယားစီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် Malaysia External Trade Development Corporation (MATRADE) မှ အကြီးတန်း ဒါရိုက်တာ Jai Shankar Suppayah တို့က ဆွေးနွေးခဲ့ကြသည်။ CCC ၏အဆိုအရ နှစ်ဖက်စလုံးသည် လျပ်စစ်ကားနှင့် ဘက်ထရီ စက်မှုလုပ်ငန်းဆိုင်ရာ ထိုးထွင်းအမြင်များကို ဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံလုံးအတွက် တိုးတက်မှုအလားအလာများကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ CCC သည် ကမ္ဘောဒီးယား အစိုးရ၏ ပံ့ပိုးကူညီမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အမျိုးသားအဝေးပြေးလမ်းမကြီးများတစ်လျှောက် EV အားသွင်းရုံများတည်ဆောက်ရာတွင် ရှေ့ပြေးရင်းနှီးမြှုပ်နှံမှုများကိုစဉ်းစားနေကြောင်း မှတ်ချက်ပြုခဲ့သည်။ CCC သည် မလေးရှားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်းနှင့် ကမ္ဘောဒီးယား ဈေးကွက်သို့ဝင်ရောက်ရန်ရည်ရွယ်သည့် စီးပွားရေးဆိုင်ရာ အဆိုပြုချက်များကို အဆင်ပြေ ချောမွေ့စေရန်နှင့် ပံ့ပိုးကူညီရန် Chivinh မှ ကတိပြုခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)